ဒေါ်အောင်ဆန်းစုကြည်အရေး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွင် ပါဝင်ကြရန် ကိုထိန်လင်း ဖိတ်ခေါ်

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်‌ရှားရှိကြောင်း သက်သေပြရန် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်တောင်းဆိုမှုတွင် ပူးပေါင်းပါဝင်ကြရန် ကိုထိန်လင်း(ခ)Kim Aris က ဖိတ်ခေါ်သည်။

ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက်မွေးနေ့ အထိမ်း အမှတ်အဖြစ် ‌ဇွန်လတစ်ရက်မှ ၁၉ ရက်အထိ ခြေလှမ်း ၈၁၀၀၀ လျှောက်ခြင်း ၊ ၈၁ ကီလိုမီတာ ပြေးခြင်း ၊ ၈၁ မိုင် စက်ဘီးစီးခြင်းနှင့် မိမိအတွက် အဓိပ္ပာယ်ရှိသည့် နည်းလမ်းတစ်ခုခုဖြင့် ပါဝင် နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ)Kim Aris က ဖိတ်ခေါ်ထား သည်။

“စစ်အာဏာရှင်တွေက မေမေ့ကို လူမသိတဲ့နေရာတစ်ခုကနေ နောက်လျှို့ဝှက်နေရာတစ်ခုကို ရွှေ့ပြောင်းလိုက်တယ်လို့ဆိုပါတယ်။ ဒါဟာ လွတ်လပ်မှုမဟုတ်ပါဘူး။ အာဏာလုပြီး ၅နှစ်ကျော် ကြာပြီးနောက်မှာတောင် မေမေ သက်ရှိထင်ရှားရှိနေသေးရဲ့လား ဆိုတဲ့ လွတ်လပ်စွာ အတည်ပြု ထားတဲ့ သက်သေကို တစ်ကမ္ဘာလုံး သိခွင့်မရသေးပါဘူး”ဟု ကိုထိန်လင်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီ တစ်ရက် အာဏာသိမ်းချိန်ကတည်းက မတရား ဖမ်းဆီးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် နေပြည်တော်ထောင်မှ သတ်မှတ်နေအိမ်တစ်လုံးဆီသို့ ရွှေ့ပြောင်းလိုက်ကြောင်း မည်သည့်အချိန်က ရိုက်ထားမှန်မသိသည့် ဒေါ်အောင် ဆန်းစုကြည်၏ ဓာတ်ပုံနှင့်တကွ အစိုးရတုက ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ယုံကြည်စိတ်ချရသည့် အထောက်အထားပြရန် တောင်းဆိုသော Proof Of Life ကို ကိုထိန်လင်း ဦးဆောင်ကာ ဧပြီ၂၁ရက်က စတင်ခဲ့ပြီး နိုင်ငံတ ကာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း စစ်အုပ်စု အစိုးရတုက တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိပေ။

စာတည်း-ML