မြန်မာတစ်နိုင်ငံရှိ စစ်မျက်နှာအသီးသီးတွင် စစ်သားများ သေဆုံး၊ထိခိုက်မှု ကြောက်ခမန်းလိလိ များနေကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာန၊ PDFစစ်ရုံးချုပ်၊ ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က ပြောသည်။
တရားဝင် သတင်းမထုတ်ပြန်သော်လည်း နေ့စဉ်တိုက်ပွဲအသီးသီးမှ သိမ်းဆည်းရမိသည့် ရန်သူ့သေနတ်နှင့် အလောင်းများ မနည်းကြောင်းနှင့် ယင်းဖြစ်စဉ်ကို စစ်တပ်ကိုယ်တိုင်လည်း ကောင်းကောင်း သိကြောင်း ဒေါက်တာစိုးသူရဇော်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးသား ထားသည်။
“စစ်အာဏာရှင်ကတော့ သူတို့အာဏာမစွန့်ရရင်ပြီးရော တစ်တိုင်းပြည်လုံးက လူငယ်တွေကို အသက်စွန့်ခိုင်းနေပါတယ် ။အခုပဲ လူစု၊ အခုပဲ သင်တန်းပေး၊အခုပဲ စစ်မြေပြင်လွှတ်ခံလိုက်ရတဲ့ ပစ(စစ်မှုထမ်းတပ်သား)တွေနဲ့ ကျနော်တို့ တော်လှန်ရေးရဲဘော်တွေရဲ့ တိုက်ရည်ခိုက်ရည်က အပုံကြီးကွာပါတယ်။ တကယ့်လက်တွေ့ စစ်မြေပြင်မှာ ကျနော် တော်လှန်ရေးဘက်တော်သား တွေအတွက်ကလည်း ရွေးချယ်စရာမရှိပါဘူး ။ ရန်သူ့ အဓမ္မ အမိန့်နာခံပြီး စစ်ချီလာရင်တော့ အပြတ်ချေမှုန်းရုံပဲ ရှိပါလိမ့်မယ်။ အတင်းအဓမ္မစုဆောင်းခံရတဲ့ ပစ တွေအတွက်ကတော့ ရွေးချယ် စရာရှိပါတယ်။အဲ့ဒီ ရွေးချယ်စရာကတော့ အခွင့်အရေးရရင် လွတ်အောင်သာ ပြေးကြပါ ။ တိုက် ရည်ခိုက်ရည် အပုံကြီးကွာနေတဲ့ စစ်ပွဲထဲမှာ ပစတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အလကား အသေမခံ ပါနဲ့ ။ကိုယ့်ရဲ့ ဘဝ အနာဂတ်တွေကို ရင်းပြီးမှ စစ်ပွဲထဲမှာ လာပြီး အလကား အသေမခံပါနဲ့”ဟု ၎င်း က ပြောသည်။
ထို့ကြောင့် လူငယ်များအနေနှင့် အဓမ္မစစ်မှုထမ်း စုဆောင်းမခံရအောင် ရှောင်ရန်၊ စုဆောင်းခံရပါ က ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ လွတ်အောင်ပြေးရန်၊ လွတ်လမ်း ရအောင် မရှာနိုင်ဘဲ စစ်မြေပြင်ကို ရောက်လာပြီဆိုပါကလည်း တော်လှန်ရေးဘက်သို့ ကူးပြောင်းပြီး လက်နက်ချရန် ၎င်းက အကြံပြု သည်။
တိုက်ရည်ခိုက်ရည် များစွာကွာနေသော တော်လှန်ရေးရဲဘော်များကို ခံတိုက်ပါက အသက်မရှင် နိုင်ဘဲ လက်နက်ချမှသာလျှင် အသက်အာမခံချက် အပြည့်အဝရမှာ ဖြစ်ကြောင်း ပြည်သူများအ နေနှင့်လည်း မိမိသားသမီး ၊ မိမိသူငယ်ချင်းတို့ အဓမ္မ စစ်သားစုဆောင်းခြင်း မခံရစေဖို့ ဝိုင်းဝန်း စောင့်ရှောက်ပေးကြရန် ဒေါက်တာစိုးသူရဇော်က မေတ္တာရပ်သည်။
စာတည်း-ML
