ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရားစက်မှုဇုန်ရှိ နေရွှေဝင်းအထည်ချုပ်စက်ရုံတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း ယင်းစက်ရုံရှိ အလုပ်သမားများထံမှ သိရသည်။
ထို့ပြင် အခြေခံအလုပ်သမားအဖွဲ့အစည်းများကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲမှုများလည်း ရှိနေသော်လည်း စစ်အုပ်စုလက်အောက်ခံ သက်ဆိုင်ရာ မြို့နယ်အလုပ်သမားဌာနများက ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိကြောင်း ဆိုသည်။
ထိုစက်ရုံတွင် ဥရောပနိုင်ငံများက နာမည်ကြီးအမှတ်တံဆိပ် ၁၂ ခုကို တာဝန်ယူချုပ်လုပ်ပေးနေကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတကာဝယ်ယူသူများနှင့် ဥရောပကုမ္ပဏီကြီးများအနေဖြင့် မိမိတို့ ကုန်ပစ္စည်းများ ထုတ်လုပ်ရာ စက်ရုံအတွင်း၌ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ သမဂ္ဂဖြိုခွဲမှုများ ရှိနေခြင်းကို စောင့်ကြည့်စစ်ဆေးပေးရန်နှင့် နစ်နာနေသော မြန်မာအလုပ်သမားများ အမြန်ဆုံး အခွင့်အရေး ပြန်လည်ရရှိစေရေးအတွက် ဝိုင်းဝန်းဖိအားပေးရန် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်- မြန်မာ(STU-M)ဘက်က တောင်းဆိုထားသည်။
ဝါးတရားစက်မှုဇုန်၊ ငှက်ပျောတောကျောင်းလမ်းရှိ အဆိုပါစက်ရုံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ လုပ်ငန်းခွင်အတွင်း မတရားအလုပ်ထုတ်ပယ်မှုများနှင့် လုပ်ခလစာ ဖြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း စက်ရုံဝန်ထမ်းများက ပြောသည်။
အထူးသဖြင့် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် စက်ရုံတွင်းရှိ အခြေခံအလုပ်သမားအဖွဲ့အစည်း (၂) ကို ပြိုကွဲစေရန် ရည်ရွယ်ချက်ဖြင့် သမဂ္ဂအမှုဆောင် (EC) များနှင့် အဖွဲ့ဝင်အားလုံးကို အလုပ်ရှင်ဘက်က တစ်ပြိုင်နက်တည်း မတရားအလုပ်ထုတ်ပယ်ခဲ့ကြောင်း သမဂ္ဂတာဝန်ရှိသူများက ပြောသည်။
ယင်းကဲ့သို့ မတရားအလုပ်ထုတ်ခံရမှုများ၊ နှစ်ဦးသဘောတူ အလုပ်ခန့်ထားမှုစာချုပ် (EC Contract) ချိုးဖောက်ခံရမှုများနှင့် ဝန်ထမ်း ၉ ဦးထက်မနည်း လုပ်ခလစာ ဖြတ်တောက်ခံရသည့် ကိစ္စရပ်များအတွက် ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) နှင့် အလုပ်ရုံနှင့် အလုပ်သမားဉပဒေစစ်ဆေးရေးဦးစီးဌာန (အလရ) တို့ထံ အဆင့်ဆင့် တိုင်ကြားခဲ့သော်လည်း ယနေ့တိုင် ထိရောက်သော ဖြေရှင်းပေးမှုမရှိကြောင်း သိရသည်။
တိုင်ကြားစာများကို စနစ်တကျ လက်ခံရရှိထားသော်လည်း အလုပ်သမားဌာန တာဝန်ရှိသူများသည် စစ်ဆေးရမည့်အချိန်တွင် လာရောက်ခြင်းမရှိဘဲ၊ သမဂ္ဂအမှုဆောင်များနှင့် အဖွဲ့ဝင်များ အလုပ်ထုတ်ခံရပြီးမှသာ စက်ရုံတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့သဖြင့် ဥပဒေကို ကျော်လွန်လုပ်ဆောင်နေသည်ဟု အလုပ်သမားများက ဝေဖန်ထားသည်။
ထို့ပြင် တိုင်ကြားမှုများနှင့် ပတ်သက်၍ မြို့နယ်ဦးစီးမှူးက “နေပြည်တော်သို့ စာတင်ထားသည်” ဟုသာ အကြောင်းပြကာ အချိန်ဆွဲထားကြောင်း သိရသည်။
အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးကတော့ “ကျွန်တော်တို့ရဲ့ အခြေခံရပိုင်ခွင့်တွေ ချိုးဖောက်ခံရလို့ ဥပဒေအတိုင်း တိုင်ကြားတာကို ဌာနတွေက ထိထိရောက်ရောက် မလုပ်ပေးဘဲ ပျက်ကွက်နေတယ်” ဟု ပြောသည်။
အကယ်၍ အလုပ်သမားအဖွဲ့အစည်းများက ပုံစံ (၆) ထုတ်ပေးရန် ပျက်ကွက်မည်ဆိုပါက ပုံစံ (၈) တောင်းဆိုပြီး အလုပ်သမားအဖွဲ့အစည်းဥပဒေ အခန်း (၄) ပုဒ်မ (၁၇) အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ ဥပဒေကြောင်းအရ ဆက်လက်လျှောက်ထား အရေးဆိုသွားမည်ဟု ၎င်းက ဆိုသည်။
ယင်းစက်ရုံက ဝန်ထမ်း ၃ ဦးမတရား အလုပ်မှ ထုတ်ခံရခြင်းအပါအဝင် စုစုပေါင်း ၄ ဦးအလုပ်ထုတ်ခံထားရသည်ကို နေပြည်တော်ရုံးချုပ်အထိ စာတင်ထားသော်လည်း ကြန့်ကြာနေသည်ဟု သိရသည်။
ထို့ပြင် ဝန်ထမ်း ၉ ဦး လုပ်ခလစာဖြတ်တောက်ခံရခြင်း၊ ဝန်ထမ်း ၇ ဦး လုပ်ငန်းခွင့်ပြန်ဝင်ခွင့်ရရေးနှင့် လုပ်ငန်းရှင်ဘက်မှ နှစ်ဦးသဘောတူစာချုပ်ကို ဖောက်ဖျက်ခြင်း စသည့်အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းများ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်အတွင်းရှိ နေရွှေဝင်းအထည်ချုပ်စက်ရုံတွင် ဖြစ်ပေါ်နေကြောင်း သိရသည်။
အဆိုပါ နေရွှေဝင်း စက်ရုံသည် အီတလီနိုင်ငံထုတ် Teranova နှင့် CALLIOPE၊ ပြင်သစ်နိုင်ငံထုတ် LCWALKLKL နှင့် PIMKIE၊ ပိုလန်နိုင်ငံထုတ် Reserved နှင့် CROPP အပါအဝင် ဂျာမနီ (AMISU)၊ တူရကီ (DeFacto)၊ ပါကစ္စတန် (GRACE)၊ တရုတ် (MIDDRT)၊ မွန်ဂိုလီးယား (ATTOZ) နှင့် New Yorker (FBSISTER) စသည့် ကမ္ဘာ့အဆင့်မီ နာမည်ကြီး အမှတ်တံဆိပ် (Brands) ပေါင်း ၁၂ ခုကို တာဝန်ယူချုပ်လုပ်ပြီး ပြည်ပသို့ တင်ပို့နေသည့် စက်ရုံကြီးတစ်ခု ဖြစ်သည်။
