အလုပ်သမားအခွင့်အရေး အချိုးဖောက်ဆုံးနှင့် အဆိုးရွားဆုံး နိုင်ငံစာရင်းတွင် မြန်မာ ဆက်ပါဝင်နေဟု ITUC ဆို

ဓာတ်ပုံ - STU-M
ပုံစာ - ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ Sun Rise (Myanmar) Fashion အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုနေကြသည်ကို တွေ့ရစဉ်

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုအများဆုံးနှင့် အဆိုးရွားဆုံးနိုင်ငံများစာရင်းတွင် ယခုနှစ်အထိ ဆက်လက်ပါဝင်နေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC)၏ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံသည် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်ကာ ကမ္ဘာ့အလုပ်သမားအခွင့်အရေး အချိုးဖောက်ခံရမှုအများဆုံး ထိပ်သီး ၁၀ နိုင်ငံစာရင်းတွင် နှစ်စဉ်မပြတ် ပါဝင်နေခဲ့ခြင်းဖြစ်ကြောင်း ITUC က ဆိုသည်။

ယခု ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် အလုပ်သမားများအတွက် အဆိုးရွားဆုံး ထိပ်သီး ၁၀ နိုင်ငံအဖြစ် မြန်မာနိုင်ငံနှင့်အတူ အာဂျင်တီးနား၊ ဘီလာရုစ်၊ အီကွေဒေါ၊ အီဂျစ်၊ အက်စ်ဝါတီနီ၊ နိုင်ဂျီးရီးယား၊ ပနားမား၊ တူနီးရှားနှင့် တူရကီနိုင်ငံတို့ ပါဝင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း၌ အလုပ်သမားများအနေဖြင့် စုပေါင်းညှိနှိုင်းတောင်းဆိုခွင့်၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်နှင့် ပါဝင်ခွင့်များကို ပိတ်ပင်ခံထားရရုံမျှမက၊ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများ (မှတ်ပုံတင်ခြင်း) ဆိုင်ရာ အခွင့်အရေးများနှင့် သမဂ္ဂများ မှတ်ပုံတင်ခြင်းကို ဟန့်တားနှောင့်ယှက်ခြင်းများ လုပ်ဆောင်ခံနေရကြောင်း သိရသည်။

ထို့ပြင် အလုပ်သမားများအတွက် တရားမျှတမှု ရှာဖွေနိုင်မည့် အခွင့်အလမ်းများ ကန့်သတ်ခံထားရပြီး လွတ်လပ်စွာ ပြောဆိုခွင့်နှင့် စုဝေးခွင့်များ မရရှိကြဘဲ၊ အလုပ်သမားထုအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ၊ မတရား ဖမ်းဆီးထိန်းသိမ်း အကျဉ်းချမှုများ ရှိနေကြောင်း ITUC ၏ အစီရင်ခံစာက မီးမောင်းထိုးပြထားသည်။

အဆိုပါ စစ်တမ်းသည် နိုင်ငံပေါင်း ၁၆၉ နိုင်ငံ၌ အလုပ်သမားအခွင့်အရေး လိုက်နာမှုနှင့် ချိုးဖောက်မှုအခြေအနေများကို နိုင်ငံတကာ အလုပ်သမားရေးရာ စံနှုန်းများနှင့် နှိုင်းယှဉ်ကာ အစိုးရနှင့် အလုပ်ရှင်များ၏ ချိုးဖောက်မှုများကို နှစ်စဉ် မှတ်တမ်းပြုစုဖော်ပြသည့် တစ်ခုတည်းသော ကမ္ဘာလုံးဆိုင်ရာ နှစ်ပတ်လည် စစ်တမ်းဖြစ်သည်။

မြန်မာနိုင်ငံတွင်းရှိ အလုပ်သမားအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးက လက်ရှိမြေပြင်အခြေအနေနှင့် ပတ်သက်၍ “အခုက အလုပ်ရှင်ရဲ့ ချိုးဖောက်မှုအပေါ် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အကာအကွယ် ဘာမှမရှိဘူး။ သူများချိုးဖောက်လည်း ကိုယ်ပဲ အောင့်အီးခံနေရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအရေး ဆောင်ရွက်သူ အနည်းဆုံး ၁၀၀ ထက်မနည်းကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးအကျဉ်းချခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်အုပ်စုသည် အလုပ်သမားများကို လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် အဓမ္မစေခိုင်းခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဋ္ဌာန်းချက်များကို စဉ်ဆက်မပြတ် ချိုးဖောက်နေခြင်းကြောင့်၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့က ILO အနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူရန် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ရသည်အထိ အခြေအနေများ ဆိုးရွားလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရားစက်မှုဇုန်ရှိ နေရွှေဝင်းအထည်ချုပ်စက်ရုံတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများရှိနေသည့်အပြင် အခြေခံအလုပ်သမားအဖွဲ့အစည်း (၂) ကို ပြိုကွဲစေရန် ရည်ရွယ်ချက်ဖြင့် သမဂ္ဂအမှုဆောင် (EC) များနှင့် အဖွဲ့ဝင်အားလုံးကို အလုပ်ရှင်ဘက်က တစ်ပြိုင်နက်တည်း မတရားအလုပ်ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံအတွင်းဖြစ်ပွားနေသော ပြဿနာများနှင့်ပတ်သက်၍ မြို့နယ် အလုပ်သမားဦးစီးဌာနအပြင် နေပြည်တော် ရုံးချုပ်ထိ တိုင်ကြားထားသော်လည်း အခြေအနေထူးခြားခြင်းမရှိသေးကြောင်း အလုပ်သမားသမဂ္ဂများထံမှ သိရသည်။