မင်းအောင်လှိုင်ကို ခေါ်ယူတွေ့ဆုံခဲ့သည့် အိန္ဒိယဝန်ကြီးချုပ်လုပ်ရပ် အဆိပ်ပင်ကို ရေလောင်းပေးခြင်းသာဖြစ်ဟု ဝေဖန်မှုများရှိ

ဓာတ်ပုံ-လူမှုကွန်ရက်

အတုအယောင် သမ္မတ မင်းအောင်လှိုင်ကို အိန္ဒိယကို ဖိတ်ကြားပြီး တွေ့ဆုံခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ လုပ်ရပ်သည် အဆိပ်ပင်ကို ရေလောင်းပေးခြင်းသာဖြစ်ကြောင်း ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။

စစ်ကော်မရှင်က အရေခြုံဗန်းပြထားသည့် အတုအယောင်သမ္မတ မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့သည် နယူးဒေလီမြို့၌ ယနေ့( ဇွန် ၁ရက်)တွင် တရားဝင် တွေ့ဆုံခဲ့ကြသည်။

နိုင်ငံတကာတွင် အပယ်ခံဖြစ်နေသည့် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားသစ်ကို အိန္ဒိယက တရားဝင်ဖိတ်ကြား ဆက်ဆံလိုက်ခြင်းသည် ၎င်းတို့အား နိုင်ငံတကာစင်မြင့်ထက်တွင် တရားဝင်မှုရရှိစေရန် အတင်းအဓမ္မ သွတ်သွင်းရာ ရောက်သွားကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

“ဒီလုပ်ရပ်ဟာ နိုင်ငံတကာမှာ အပယ်ခံဖြစ်နေတဲ့ စစ်ကော်မရှင်အတွက် ကြီးမားတဲ့ သံတမန်ရေးထွက်ပေါက်တစ်ခု ဖြစ်သွားစေသလို၊ အခြားအိမ်နီးချင်းနိုင်ငံအချို့အတွက်လည်း စစ်ကော်မရှင်နဲ့ ပြန်လည်ပတ်သက် ဆက်ဆံဖို့ လမ်းစတစ်ခု ဖြစ်လာနိုင်ပါတယ်။ ထို့ပြင် စစ်ကော်မရှင်အနေနဲ့ ၎င်းတို့ကိုယ်၎င်းတို့ တရားဝင်အစိုးရအဖြစ် ပုံဖော်ပြီး ပြည်တွင်းက လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကိုတော့ တရားမဝင်လှုပ်ရှားနေတဲ့ သူပုန်တွေအဖြစ် နိုင်ငံတကာရှေ့မှောက်မှာ အမည်းစက်ချပြဖို့ ပိုပြီး အားသာချက် ရရှိသွားစေနိုင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။

ထို့ပြင် စစ်ရေးနှင့် လုံခြုံရေးကဏ္ဍတွင်လည်း အစိုးရအချင်းချင်း ဆက်ဆံရေး (G-to-G) ခေါင်းစဉ်အောက်မှနေ၍ နိုင်ငံတော်အဆင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လာနိုင်သဖြင့် အထူးစိုးရိမ်ရသည့် အခြေအနေ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အထူးသဖြင့် စစ်ကော်မရှင်က တောင်းခံနေသည့် နယ်စပ်လုံခြုံရေးသုံး စစ်လက်နက်ပစ္စည်းများနှင့် ဒရုန်းကာကွယ်ရေး နည်းပညာများကို အိန္ဒိယဘက်က ပေါ်ပေါ်ထင်ထင် လွှဲပြောင်းပေးရန် လမ်းပွင့်သွားနိုင်သည့်အပြင်၊ အိန္ဒိယနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ဘက်က တော်လှန်ရေး စစ်မျက်နှာများအပေါ် ဖိအားများ သက်ရောက်လာနိုင်ကြောင်း စစ်ရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။

“စစ်ကော်မရှင်က မြေပြင်ကနေ ထိုးစစ်ဆင်ချိန်မှာ အိန္ဒိယဘက်ကလည်း နယ်စပ်ကို ပိတ်ဆို့ပေးတာမျိုး ဒါမှမဟုတ် ညှပ်ပိတ်တိုက်ခိုက်တဲ့ ပူးပေါင်းစစ်ဆင်ရေးမျိုးအထိ ဦးတည်လာနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ တစ်ဆက်တည်းမှာပဲ အိန္ဒိယအစိုးရအနေနဲ့ စစ်ကော်မရှင်ရဲ့ တောင်းဆိုချက်ကို အကြောင်းပြပြီး နယ်စပ်ဖြတ်ကျော် စီးဆင်းနေတဲ့ ဆေးဝါး၊ ရိက္ခာနဲ့ ဒုက္ခသည် ကူညီရေး လမ်းကြောင်းတွေကို တရားမဝင် လမ်းကြောင်းတွေအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ဖြတ်တောက် ပိတ်ဆို့လာနိုင်တာမို့ နယ်စပ်က စစ်ဘေးရှောင် ပြည်သူတွေအတွက် အလွန် ရင်လေးစရာ ကောင်းလှပါတယ်” လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

စီးပွားရေးအရလည်း ကုလားတန်ဘက်စုံစီမံကိန်းကဲ့သို့ အိန္ဒိယ၏ မဟာဗျူဟာမြောက် စီမံကိန်းကြီးများကို အတုအယောင်သမ္မတ မင်းအောင်လှိုင်၏ အစိုးရနှင့် တရားဝင် ပြန်လည်လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်းအားဖြင့် စစ်ကော်မရှင်အတွက် လိုအပ်နေသည့် ဘဏ္ဍာငွေနှင့် စီးပွားရေးထွက်ပေါက်များကို အိန္ဒိယက တရားဝင် ဖန်တီးပေးရာ ရောက်သွားစေသည်။

ဤဖြစ်ရပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများအတွက် သံတမန်ရေးရာ မဟာဗျူဟာကို အသစ်ပြန်လည်ရေးဆွဲရမည့် စိန်ခေါ်မှုကြီး ဖြစ်လာစေပြီး၊ အစောပိုင်းက စစ်ကော်မရှင်သည် တရားမဝင်ဟုဆိုသည့် အချက်တစ်ခုတည်းအပေါ် အခြေခံခဲ့သည့် သံတမန်ရေး ကစားကွက်မှသည် အိမ်နီးချင်းနိုင်ငံကြီးများ၏ လက်တွေ့ကျသည့် ကိုယ်ကျိုးစီးပွားအခြေခံ မူဝါဒများကို တန်ပြန်နိုင်မည့် ချဉ်းကပ်မှုအသစ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

စစ်ခေါင်းဆောင်က အတုအယောင်သမ္မတအဖြစ်နှင့် နိုင်ငံတကာ ခရီးစဉ်များ ထွက်ပြလာနိုင်ခြင်းသည် ရေတိုတွင် ပြည်သူလူထုနှင့် မြေပြင်တော်လှန်ရေး ရဲဘော်များ၏ စိတ်ဓာတ်ရေးရာအပေါ် အတိုင်းအတာတစ်ခုအထိ ရိုက်ခတ်မှု ရှိစေနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

“နိုင်ငံတကာက ဘယ်လိုပဲ ဖေးမပါစေ ပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး သန္နိဋ္ဌာန်ကတော့ ဘယ်တော့မှ ယိမ်းယိုင်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ ဒီအတုအယောင်သမ္မတ အစိုးရကို ဖြုတ်ချဖို့ နောက်ဆုံးအထိ ပြတ်ပြတ်သားသား ဆက်လက်တိုက်ပွဲဝင်သွားမှာပါ” စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက မှတ်ချက်ပြုသည်။