မင်းအောင်လှိုင်တပ်ထဲတွင် တိုက်ပွဲများ၌ သေဆုံးသွားသည့် စစ်သားများကို ပျောက်ဆုံးစာရင်းထဲသာ ထည့်သွင်းမှုများနေသဖြင့် လင်ပျောက်မိန်းမ များနေကြောင်း သိရသည်။
တိုက်ပွဲများ၌ သေဆုံးသွားသည့် စစ်သားများ၏ မိသားစုများကို အသက်အာမခံကြေးနှင့် အခြားသော တရားဝင် ခံစားခွင့်များ မပေးလိုသဖြင့် ပျောက်ဆုံးစာရင်းထဲသာ ထည့်သွင်းမှုများနေသည်ဟု သိရ ကြောင်း မဲဆောက်အခြေစိုက် CDM အရာခံတစ်ဦးက ဆိုသည်။
“အသေပြလိုက်ရင် မင်းအောင်လှိုင်သား ပိုင်တဲ့ အောင်မြင့်မိုရ်မင်းကုမ္ပဏီကနေ အသက်အာမခံ ကြေးပေးရမယ်ဆိုတော့ မပေးချင်ဘူးလေ။ပြီးတော့ တခြားခံစားခွင့်တွေလည်း ပေးရဦးမယ်။နောက် ထပ်အရေးကြီးတဲ့အချက်က သေစာရင်းများရင် တပ်ထဲမှာရော တပ်ထောက်ခံသူတွေကြားမှာပါ စိတ် ဓာတ်ရေးရာ ကျဆင်းမှုဖြစ်မှာလည်း ထည့်စဉ်းစားပုံရတယ်”ဟု ၎င်းက MPAသို့ပြောသည်။
ကျန်ရစ်သူမိသားစုက ခံစားခွင့်ရရှိရန်အတွက် “ငါသေရင် ငါ့အလောင်းလေးတော့ ပြန်ဆွဲပေးကြပါ” ဟု အသနားခံနေမည့်အစား အလင်းဝင်ကြရန် ပြည်သူ့ပန်းတိုင်က တိုက်တွန်းထားသည်။
“…..အဘတို့ရဲ့စစ်တပ်ထဲမှာ ကိုယ့်လင် သေမှန်းသိနေတာတောင် ‘လင်ပျောက်ရဲမေ’ အဖြစ်နဲ့ (ငဲ့ ကြည့်သူမရှိ၊ ခံစားခွင့်မရှိနဲ့) အနာဂတ်တွေ အရှင်လတ်လတ် မြေမြှုပ်ခံနေရတဲ့ဘဝတွေအကြောင်း ဘယ်လူကြီးကမှ အဖက်မလုပ်၊ ဂရုမစိုက်ကြပါဘူး”ဟု ပြည်သူ့ပန်းတိုင်က ဖော်ပြသည်။
စစ်တပ်ထဲရှိ လင်ပျောက်မိန်းမများသည် မည်သည့်ခံစားခွင့်မျှ မရရှိသည့်အပြင် လိုင်းခန်းမှ မောင်း ချမခံရရန်အတွက် တပ်ရင်းမှူးနှင့်အရာရှိများကို ကြောက်နေရကြောင်းလည်း မဲဆောက်အခြေစိုက် CDM အရာခံက ပြောသည်။
မြန်မာတစ်နိုင်ငံရှိ စစ်မျက်နှာအသီးသီးတွင် စစ်သားများ သေဆုံး၊ထိခိုက်မှု ကြောက်ခမန်းလိလိ များနေပြီး ယင်းဖြစ်စဉ်ကို စစ်တပ်ကိုယ်တိုင်လည်း ကောင်းကောင်း သိကြောင်း NUGကာကွယ်ရေး ဝန်ကြီးဌာန၊ PDFစစ်ရုံးချုပ်၊ ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က ပြောကြားထား သည်။
