ကချင်နှင့် စစ်ကိုင်းဒေသရှိ ရှမ်းနီများနေထိုင်ရာနေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် စစ်တပ်နှင့် ပူးပေါင်းနေသည့် SNA တောင်းဆို

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်ကော်မရှင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (EROs) အများစုက လုံးဝလျစ်လျူရှု ပယ်ချခဲ့ကြသော်လည်း စစ်တပ်နှင့် ပူးပေါင်းနေသည့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ (SNUC) ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ကမူ ပထမဆုံးသော အဖွဲ့အဖြစ် နေပြည်တော်သို့ သွားရောက်ကာ စစ်ကော်မရှင်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့များနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ စစ်ကော်မရှင်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး၊ SNA ဘက်မှ ဒုတိယဥက္ကဋ္ဌ (၁) စဝ်စိုင်းကမ် အပါအဝင် ဗဟိုကော်မတီဝင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် စစ်ကော်မရှင်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့သည် ဒေသတည်ငြိမ်ရေးကိစ္စရပ်များကို တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဒေသနေပြည်သူလူထုများ၏ လုံခြုံရေးကို ဆောင်ရွက်နေသည်ဟု သိရကြောင်း၊ SNA အနေဖြင့် နိုင်ငံရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်လုပ်ဆောင်မည့်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို နှစ်ဖက်ညှိနှိုင်းပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဟု ပြောကြားခဲ့သည်။

ထို့ပြင် စစ်ကော်မရှင်ဘက်က SNA ၏ တောင်းဆိုချက်များဖြစ်သော ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) လူမျိုးများ၏ သမိုင်းကြောင်းအရ ပျံ့နှံ့နေထိုင်မှု၊ မှတ်ပုံတင်အရ လူမျိုးအမည်အသုံးအနှုန်းနှင့် ဒေသအသိအမှတ်ပြုလိုမှုတို့နှင့် ပတ်သက်၍ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်သို့ တင်ပြဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။

ယင်းအပေါ် SNA ဒုတိယဥက္ကဋ္ဌ (၁) စဝ်စိုင်းကမ်က အစိုးရသစ်ကာလ ရက် ၁၀၀ စီမံကိန်းတွင် ပါဝင်ဆွေးနွေးခွင့်ရသည့်အတွက် ဝမ်းသာကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး နယ်မြေဖွံ့ဖြိုးရေးအတွက်လည်း တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်မည် ဟု ပြန်လည်ပြောကြားခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာနယ်မြေများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိလိုမှုနှင့် အေးအတူပူအမျှ နေထိုင်ရေးတို့ကိုလည်း SNA ဘက်က တင်ပြခဲ့သည်။

မြန်မာ့နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူတစ်ဦးက “စစ်မျက်နှာအနှံ့မှာ စစ်ရှုံးနေတဲ့ စစ်ကော်မရှင်ဟာ ကမ္ဘာကိုရော ပြည်တွင်းကိုပါ သူတို့မှာ ငြိမ်းချမ်းရေးဆွေးနွေးဖက် ရှိသေးတယ်ဆိုတာမျိုး အပြကောင်းပြချင်နေတာ။ တကယ့်တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းကြီးတွေကတော့ စစ်ကော်မရှင်ရဲ့ ဖိတ်ခေါ်မှုကို လှည့်တောင်မကြည့်ကြဘူး။ ဒီအချိန်မှာ စစ်တပ်နဲ့ အကျိုးစီးပွားချင်း တည့်နေတဲ့ SNA က ကမန်းကတန်း သွားဆွေးနွေးပေးတာဟာ စစ်ကော်မရှင်ရဲ့ အယောင်ပြပွဲကို သက်သက်မဲ့ အသက်သွင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။ SNA အနေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ စစ်ရေးဩဇာကို ကြောက်လို့ စစ်တပ်နဲ့ပေါင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မက်လုံးနောက် လိုက်တာဖြစ်ပေမဲ့၊ မြေပြင်မှာတော့ သူတို့ဟာ စစ်တပ်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဆင့်ပဲ ရှိနေပါတယ်” ဟု သုံးသပ်သည်။

မြေပြင်အခြေအနေတွင်လည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း (အင်းတော်ကြီး အပါအဝင်) ဒေသများ၌ SNA သည် စစ်ကော်မရှင်နှင့် ပူးပေါင်းကာ နေအိမ်အိမ်ထောင်စုစာရင်းများကို အခြေခံ၍ လူငယ်များကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ယူခြင်း၊ ဒေသခံပြည်သူများကို ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်နေသည့်အပြင် ကချင်လူမျိုးစုများ အပါအဝင် အခြားတိုင်းရင်းသားများ၏ နေအိမ်များကို ချိပ်ပိတ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများအထိ ကျူးလွန်နေသဖြင့် တိုင်းရင်းသားအချင်းချင်းကြား သွေးခွဲသကဲ့သို့ ဖြစ်နေကြောင်း ဒေသခံများ၏ စွပ်စွဲချက်များ ထွက်ပေါ်နေသည်။