အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် ယခုရက်ပိုင်းအတွင်း လူငယ်လူရွယ် အမျိုးသားများ နေ့စဉ်နှင့်အမျှ အကြောင်းမဲ့ ပျောက်ဆုံးမှုများ အလွန်အမင်း မြင့်တက်လာနေသောကြောင့် မိဘပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မြေပြင်ဖြစ်စဉ် သိရှိထားသူများနှင့် ကာယကံရှင် မိသားစုဝင်များ၏ ပြောပြချက်အရ အဆိုပါ ပျောက်ဆုံးမှုများသည် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံများက ညဘက်တွင်မကဘဲ နေ့ခင်းဘက်တွင်ပါ လမ်းပေါ်မှနေ၍ မတရား စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
လူမှုကွန်ရက်ပေါ်တွင် ဂယက်ရိုက်ခတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုအနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်း၌ အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သူ ကိုရှိုင်းအောင်ထွန်း ဆိုသူသည် ၎င်းအလုပ်လုပ်ကိုင်ရာ KBZpay Center (Time Mall) သို့ သွားရောက်ရန် နေအိမ်မှ ထွက်ခွာခဲ့သော်လည်း အလုပ်ခွင်သို့ ရောက်ရှိမလာဘဲ လမ်းခုလတ်တွင် ပျောက်ဆုံးသွားခဲ့သည်။
၎င်း ပျောက်ဆုံးသွားသည့်နေ့မှစ၍ လက်ကိုင်ဖုန်းလည်း စက်ပိတ်ထားပြီး ဇွန်လ ၄ ရက်နေ့အထိ တစ်စုံတစ်ရာ အဆက်အသွယ် လုံးဝမရရှိသေးကြောင်း မသော်သဇင်မိုးမြင့် ဆိုသူက လူမှုကွန်ရက်မှတစ်ဆင့် အသိပေး အကူအညီတောင်းခံထားသည်။
ပျောက်ဆုံးသူ ကိုရှိုင်းအောင်ထွန်းသည် အလုပ်နှင့် နေအိမ်မှလွဲ၍ အခြားနေရာများသို့ သွားလေ့ရှိသူမဟုတ်ဘဲ လူမှုကွန်ရက်လည်း အသုံးပြုလေ့မရှိခြင်းကြောင့် မိသားစုဝင်များ အလွန်စိုးရိမ်နေကြကြောင်း သိရသည်။
အဆိုပါ အကူအညီတောင်းခံသည့် ပို့စ်၏အောက်တွင် အလားတူ မိသားစုဝင် ပျောက်ဆုံးခဲ့ရသူများက ၎င်းတို့၏ မြေပြင်အတွေ့အကြုံများကို ဝင်ရောက်မျှဝေခဲ့ကြရာတွင် အိမ်ကအစ်ကိုဖြစ်သူလည်း ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပြီး အချိန်တစ်ခုရောက်မှ ဆက်သွယ်လာသဖြင့် ငွေကြေးပေး၍ သွားရောက်ရွေးချယ်ခဲ့ရကြောင်း ကာယကံရှင်တစ်ဦးက ရေးသားထားသည်။
အခြားမှတ်ချက်ပေးသူတစ်ဦးကလည်း ဒါဟာ စစ်တပ်က ပေါ်တာဆွဲသွားခြင်းသာဖြစ်ပြီး နောက် ၂ လခန့် စစ်မှုထမ်းသင်တန်းဆင်းချိန်မှသာ မိသားစုထံ ပြန်လည်ဆက်သွယ်လာလိမ့်မည်ဖြစ်ကြောင်း ၎င်း၏ မြေပြင်အခြေအနေကို ဖွင့်ဟထားသည်။
ကိုရှိုင်းအောင်ထွန်းကဲ့သို့ လူငယ်လူရွယ်များ လမ်းပေါ်တွင် ဖမ်းဆီး/ပျောက်ဆုံးမှုမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ထောက်ပြထားကြသည်။
ရန်ကုန်အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် Rangoon Scout Network (RSN) ၏ ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မေတစ်လတည်းတွင် ရန်ကုန်တိုင်းအတွင်း၌ စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသည့် လူငယ် ၆၁ ဦးထက်မနည်း ရှိခဲ့ရာ တစ်ရက်လျှင် လူငယ် ၂ ဦးထက်မနည်း ပျောက်ဆုံးနေသည့် သဘောဖြစ်နေသည်။
အဆိုပါ ဖမ်းဆီးခံရသူ ၆၁ ဦးအနက် ၂၀ ဦးကိုသာ စစ်အုပ်စုဘက်က ပြန်လည်လွှတ်ပေးခဲ့ပြီး၊ ၁၁ ဦးကိုမူ စစ်မှုထမ်းသင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ကျန်ရှိသည့် အယောက် ၃၀ ၏ နောက်ဆက်တွဲအခြေအနေကိုမူ လက်ရှိအချိန်အထိ လုံးဝမသိရှိရသေးဘဲ သတင်းအမှောင်ချခံထားရဆဲ ဖြစ်သည်ဟု RSN က ဆိုသည်။
အလားတူ မန္တလေးမြို့တွင်လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက နေ့စဉ်နှင့်အမျှ လမ်းသွားလမ်းလာများကို စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း Voice of Mandalay အဖွဲ့၏ ဖော်ပြချက်များအရ သိရသည်။
မြေပြင်တွင် လူငယ်များကို အဓမ္မဖမ်းဆီး၍ စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းနေသော်လည်း စစ်ခေါင်းဆောင်များကမူ ကာယကံရှင်များ၏ သဘောဆန္ဒအလျောက် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပြောဆိုလျက်ရှိသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးတပ်နယ်တွင် စစ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့စဉ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ် ဖြစ်သူ ကျော်စွာလင်းက စစ်တပ်အတွင်းသို့ ရောက်ရှိလာသူများသည် မိမိတို့၏ ဆန္ဒအလျောက် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြေပြင်တွင် မိဘများက သားသမီးပျောက်ဆုံး၍ လိုက်လံရှာဖွေနေရသည့် ဖြစ်ရပ်မှန်များနှင့် အဓမ္မစစ်သားစုဆောင်းခံနေရသည့် ကွာဟချက်များကြောင့် ရန်ကုန်နှင့် မန္တလေးရှိ လမ်းမများသည် လူငယ်များအတွက် လုံခြုံမှုမရှိတော့ဘဲ သွားလာလှုပ်ရှားရာတွင် စိုးရိမ်သောကများဖြင့် နေ့စဉ် ဖြတ်သန်းနေကြရကြောင်း သိရသည်။
