တရုတ်နိုင်ငံအလယ်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများ၌ Follower ၁ ဒဿမ ၅ သန်းကျော်ရှိပြီး လူချစ်လူခင်များသည့် နာမည်ကြီးအိမ်မွေးခွေးလိမ္မာလေးတစ်ကောင်သည် လေလွင့်ခွေးအမှတ်ဖြင့် ခိုးယူခြင်းခံရကာ သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် ခွေးလေး၏ပိုင်ရှင်ဖြစ်သူက တရားမျှတမှုရရှိရန် ကြိုးပမ်းနေပြီး၊ တရုတ်နိုင်ငံတွင် အိမ်မွေးတိရစ္ဆာန်များနှင့် ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးမှု အားနည်းချက်ကြီးမားနေသည်ကို ထောက်ပြဝေဖန်ထားသည်။
အသက် (၈) နှစ်အရွယ် ဘော်ဒါကောလီ (Border Collie) မျိုးနွယ်စုဝင် ခွေးလိမ္မာလေး၏ အမည်မှာ ချူထို ဖြစ်ပြီး၊ အလွန်ထက်မြက်ဖျတ်လတ်မှုကြောင့် လူသိများသည်။ အဆိုပါခွေးလေး၏ ပိုင်ရှင်မှာ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ ခရီးသွားအစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်သည့် ဂူအို ဖြစ်ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြထားသည်။
တရုတ်လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံများနှင့် ဗီဒီယိုများထဲ၌ ချူထိုသည် ပိုင်ရှင်ဖြစ်သူ ဂူအိုနှင့်အတူ နှင်းဖုံးနေသည့် တောင်တန်းများမှသည် သဲကန္တာရများအထိ တရုတ်နိုင်ငံ၏ ဒေသအသီးသီးသို့ နှစ်ပေါင်းများစွာအတူ ခရီးလှည့်လည်ခဲ့သည်ကို တွေ့ရသည်။
အထူးသဖြင့် ညဘက်များတွင် ချူထိုက ပိုင်ရှင်၏ တဲအပြင်ဘက်မှ သစ္စာရှိရှိ စောင့်ရှောက်ပေးနေသည့် ဗီဒီယိုကလစ်များမှာ လူကြိုက်များပြီး ရေပန်းစားခဲ့သည်။ အဆိုပါခွေးလေးကို ၂၀၁၈ ခုနှစ်က အသက် ၃ လသားအရွယ်တွင် လမ်းဘေးခွေးရောင်းသူတစ်ဦးထံမှ တရုတ်ယွမ်ငွေ ၂,၀၀၀ ကျော်ပေး၍ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Fengmian News က ဆိုသည်။
ယခုစိတ်မကောင်းစရာ ဖြစ်စဉ်မှာ ပိုင်ရှင်ဖြစ်သူ ဂူအိုက ဂျော်ဂျီယာနိုင်ငံသို့ တစ်ဦးတည်း ကားမောင်းခရီးထွက်နေစဉ် ချူထိုကို အိမ်ရှိ မိဘများနှင့် ထားခဲ့သည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မေလ ၁၁ ရက်နေ့တွင် ဂူအို၏ ဖခင်ဖြစ်သူက မိသားစုပိုင် စိုက်ပျိုးရေးလယ်ကွင်းထဲမှ ခွေးလေး ပျောက်ဆုံးနေသည်ကို သတိပြုမိခဲ့ပြီးနောက်၊ နေအိမ်လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းများကို ပြန်လည်ကြည့်ရှုရာတွင် လူစိမ်း အမျိုးသားနှစ်ဦးက ချူထိုကို လျှပ်စစ်စကူတာပေါ် တင်ဆောင်ကာ ခိုးယူသွားသည်ကို တွေ့ရှိခဲ့ရသည်။
အဆိုပါ သတင်းကြားပြီးနောက် ပိုင်ရှင်ဂူအိုသည် ခရီးစဉ်ကို ချက်ချင်းဖျက်သိမ်းကာ ခွေးလေးကို လိုက်လံရှာဖွေရန် တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည်။ ရက်သတ္တပတ်အနည်းငယ်အတွင်း ဂူအိုသည် ခွေးခိုးသွားသူကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး၊ ၎င်းပုဂ္ဂိုလ်အား ရှာဖွေတွေ့ရှိပြီးနောက် ယွမ်ငွေ ၁၀,၀၀၀ ပေးကာ ခွေးလေးကို ပြန်ပေးရန် တောင်းပန်ခဲ့သည်။
ခွေးခိုးသူကမူ ၎င်းအနေဖြင့် ချူထိုကို လေလွင့်ခွေးအမှတ်ဖြင့် မှားခေါ်မိခြင်းဖြစ်ပြီး၊ ခေါ်လိုက်သည့်အခါ ခွေးက သူ့နောက်သို့ လိုက်လာခြင်းဖြစ်သည်ဟု ဆင်ခြေပေးခဲ့သည်။ သို့သော်လည်း ပိုင်ရှင်ဖြစ်သူက ထိုဆင်ခြေကို လက်မခံဘဲ ခွေးလေး၏ လည်ပင်းတွင် လည်ပတ်နှင့် ခြေရာခံစနစ်ပါရှိသည့်အပြင် မိသားစုပိုင် လယ်ကွင်းထဲတွင် အနားယူနေခြင်းဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည်။
ထို့နောက်တွင်မူ ချူထိုမှာ ခွေးသားရောင်းသည့် စားသောက်ဆိုင်တစ်ဆိုင်သို့ ယွမ် ၁၈၀ ဖြင့် ရောင်းချခံလိုက်ရပြီဖြစ်ကြောင်း ဂူအို သိရှိခဲ့ရသည်။
ခွေးခိုးသူသည် တစ်စုံတစ်ရာ တောင်းပန်ခြင်းမရှိဘဲ “ခွေးက သေသွားပြီပဲ၊ ပြဿနာရှာမနေနဲ့တော့၊ ငါ ဥပဒေလည်း မချိုးဖောက်ဘူး” ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ပိုင်ရှင်ဂူအိုသည် ချူထိုကို သတ်ဖြတ်ခဲ့သည့် ခွေးသားဆိုင်မှ သားသတ်သမားထံသို့ သွားရောက်ကာ ခွေးလေး၏ ကြွင်းကျန်သည့် ရုပ်အလောင်း သို့မဟုတ် အမွေးအမှင်ကိုဖြစ်ဖြစ် ပြန်ရလိုသည့် မျှော်လင့်ချက်ဖြင့် မေးမြန်းခဲ့သော်လည်း၊ သားသတ်သမားက “အမွေးတွေကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တာ ကြာပြီ” ဟုသာ တုံ့ပြန်ခဲ့သည်။
အလွန်အမင်း စိတ်နှလုံးထိခိုက်ခဲ့ရသည့် ဂူအိုသည် ခွေးခိုးသူကို ရာဇဝတ်မှုဖြင့် အရေးယူနိုင်ရန်အတွက် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး ချူထို၏ ကာလပေါက်ဈေး တန်ဖိုးအထောက်အထားများကိုပါ တင်ပြခဲ့သည်။
စီချွမ်ဝေရှု ရှေ့နေရုံးမှ ရှေ့နေ ဒူဝေ၏ အဆိုအရ တရုတ်နိုင်ငံတွင် ခိုးယူခံရသည့် ပစ္စည်းတန်ဖိုးသည် ယွမ် ၂,၀၀၀ ထက်ကျော်လွန်မှသာ ရာဇဝတ်မှုအဖြစ် တရားစွဲဆိုနိုင်ကြောင်း သိရသည်။ အကယ်၍ ချူထို၏ ကာလပေါက်ဈေးတန်ဖိုးကို အတည်ပြုနိုင်ပါက သံသယရှိသူသည် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သည့် ခိုးမှုဖြင့် တရားစွဲဆိုခံရနိုင်သည်။
တရုတ်နိုင်ငံတွင် အိမ်မွေးတိရစ္ဆာန်များကို ပိုင်ဆိုင်ခွင့်ပစ္စည်း အဖြစ်သာ အဓိက သတ်မှတ်ထားပြီး၊ အငြင်းပွားမှုများကို အရပ်ဘက် နစ်နာကြေးပေးလျော်မှုဖြင့်သာ ဖြေရှင်းလေ့ရှိသောကြောင့် အိမ်မွေးတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးဥပဒေ သီးသန့်မရှိသေးပေ။
ထို့အပြင် တရုတ်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခွေးသားစားသုံးမှုကို တရားဝင် ပိတ်ပင်ထားခြင်း မရှိသော်လည်း၊ ၂၀၂၀ ပြည့်နှစ်ကတည်းက ခွေးများကို တရုတ်နိုင်ငံ၏ မွေးမြူရေးတိရစ္ဆာန်စာရင်း (Livestock Catalogue) ထဲမှ ဖယ်ထုတ်ထားပြီးဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
