မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်တပ်က ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ပစ္စည်းများ လုယက်သွားကြောင်း သိရသည်။
ဇွန်လ၂ရက်တွင် ဆောမြို့နယ်၊ တောင့်ထက်၊ ရေရှင်နှင့် ပြင်လယ်ကျေးရွာများသို့ စစ်တပ်စစ်ကြောင်း ဝင်ရောက်လာကာ နေအိမ်များအတွင်းမှ တွေ့ရှိသမျှ အဖိုးတန်ပစ္စည်းများ၊ ဆန်နှင့် ရိက္ခာများကို ဖော ကား ၄ စီးဖြင့် လုယက်သွားကြောင်း ဒေသခံများထံက သိရသည်ဟု ဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ ယောအလင်းတန်းက ယနေ့(ဇွန်၅ရက်)သတင်းထုတ် ပြန်သည်။
လက်ရှိ သိရှိထားရသော သတင်းများအရ တောင့်ထက်၊ ပြင်လယ်နှင့် ရေရှင်ကျေးရွာများမှ အဓမ္မယူ ဆောင်သွားသည့် ဆန်တင်း ၅၀၀ခန့်အထိ ရှိကြောင်း ယောအလင်းတန်းက ဆိုသည်။
ယင်းစစ်ကြောင်းသည် လက်ရှိအချိန်တွင် လမ်းမကြီးဘေးရှိ တောအုပ်များအတွင်း၌ ပုန်းအောင်း နေရာယူထားဆဲဖြစ်ပြီး ဆောမြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ကြောင်းများသည် မြို့ပတ်ဝန်းကျင်ရှိ လေယာဉ်ကွင်းဟောင်း၊ မင်းလယ်ကျေးရွာနှင့် ရင်းခေါ်ကျေးရွာ အနီးတစ်ဝိုက်အထိ ဖြန့်ခွဲနေရာယူ ထားကြကြောင်းနှင့် ရင်းခေါ်ကျေးရွာဘက်၌ နေရာယူထားသည့် စစ်ကြောင်းတွင် စစ်သားအင်အား ၂၀ ခန့် ပါဝင်ကြောင်း သိရသည်။
ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေသဖြင့် ဆောမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ ရှိ ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေများကို အထူးသတိထားကာ စစ်ကြောင်း၊ လက်နက်ကြီး နှင့် လေကြောင်းအန္တရာယ်တို့ကို စောင့်ကြည့်ကာ လုံခြုံရေးသတိဖြင့် သွားလာနေထိုင်ကြရန် ယော အလင်းတန်းက သတိပေးထားသည်။
