ဗိုင်းရပ်စ်မျိုးကွဲစုံကို ကာကွယ်နိုင်မည့် ကမ္ဘာ့ပထမဆုံး AI ကာကွယ်ဆေး ဗြိတိန်သုတေသီများ တီထွင်

ဗိုင်းရပ်စ်မျိုးကွဲ အမြောက်အမြားကို ကာကွယ်ပေးနိုင်ပြီး ကမ္ဘာ့ကပ်ရောဂါဘေးများ မဖြစ်ပွားအောင် တားဆီးပေးနိုင်မည့် အခြေခံအားဖြင့် ပုံစံသစ်ဖြစ်သော ကာကွယ်ဆေးတစ်မျိုးကို ဥာဏ်ရည်တု (AI) အသုံးပြု၍ တီထွင်နိုင်ခဲ့ကြောင်း ဗြိတိန်သုတေသီများက ပြောကြားသည်။

ကာကွယ်ဆေးတစ်ခု၏ အဓိက အရေးအကြီးဆုံး အစိတ်အပိုင်း (Antigen) ကို AI စနစ်ဖြင့်သာ သီးသန့်ဒီဇိုင်းထုတ်လုပ်ပြီး လူသားများနှင့် ပထမဆုံးအကြိမ် စမ်းသပ်မှုများ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကိန်းဘရစ်ချ်တက္ကသိုလ် (University of Cambridge) မှ သုတေသနအဖွဲ့က ဆိုသည်။

အဆိုပါ ကာကွယ်ဆေးကို ကိုဗစ် (Covid) ဗိုင်းရပ်စ် မျိုးကွဲအားလုံးအပြင်၊ တိရစ္ဆာန်များကို ကူးစက်တတ်ပြီး နောင်တွင် ကမ္ဘာ့ကပ်ရောဂါအသစ် ဖြစ်လာနိုင်သည့် ကိုရိုနာဗိုင်းရပ်စ် (Coronaviruses) မျိုးနွယ်စုအားလုံးကိုပါ ကာကွယ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် ယင်းသုတေသနလုပ်ငန်းမှာ အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း အဆိုပါအဖွဲ့သည် တုပ်ကွေး (Flu) နှင့် အီဘိုလာ (Ebola) ဗိုင်းရပ်စ်များကိုပါ နှိမ်နင်းနိုင်မည့် သီးခြားကာကွယ်ဆေးများကို ဆက်လက်တီထွင်နေပြီ ဖြစ်သည်။

ပုံမှန်အားဖြင့် ကာကွယ်ဆေးများသည် ခန္ဓာကိုယ်အတွင်း ကူးစက်ပိုးမွှားများကို မည်သို့မှတ်မိရမည်ဆိုသည်ကို သင်ကြားပေးပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးလေ့ရှိသည်။

သို့သော် အချို့သော ဗိုင်းရပ်စ်များသည် ၎င်းတို့၏ ပုံသဏ္ဌာန်ကို လျင်မြန်စွာ ပြောင်းလဲတတ်ခြင်း (သို့မဟုတ်) မျိုးဗီဇပြောင်းလဲတတ်ခြင်း (Mutate) ကြောင့် လက်ရှိ ကိုဗစ်နှင့် တုပ်ကွေး ကာကွယ်ဆေးများကို ပုံမှန်အဆင့်မြှင့်တင်နေရခြင်း ဖြစ်သည်။

ကိန်းဘရစ်ချ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျိုနသန် ဟီးနီ (Jonathan Heeney) က “ကျွန်တော်တို့က ဗိုင်းရပ်စ်တွေရဲ့ နောက်ကွယ်ကပဲ အမြဲလိုက်နေရတာပါ။ အခုလုပ်ချင်တာကတော့ ဗိုင်းရပ်စ်တွေထက် ကြိုတင်လက်ဦးမှုရယူပြီး ရောဂါအသစ်တွေ ဖြစ်မလာခင် ကြိုတင်ကာကွယ်ထားနိုင်ဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယင်းစနစ် မည်သို့အလုပ်လုပ်သနည်း။

ပုံမှန်အားဖြင့် ကာကွယ်ဆေးများကို လက်ရှိဖြစ်ပွားနေသည့် ဗိုင်းရပ်စ်ပိုးအမျိုးအစား (Strain) ပေါ်အခြေခံ၍ ဒီဇိုင်းထုတ်လေ့ရှိသည်။

သို့သော် ကိန်းဘရစ်ချ် သုတေသီများသည် ဗိုင်းရပ်စ်အန္တရာယ်များကို ရှာဖွေစောင့်ကြည့်ရေးအစီအစဉ်များမှ မှတ်တမ်းတင်ထားသည့် ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားအမျိုးမျိုး၏ မျိုးဗီဇကုဒ် (Genetic Codes) များကို ရယူခဲ့ကြသည်။

အဆိုပါ မျိုးဗီဇကုဒ်များကို ဥာဏ်ရည်တု (AI) စနစ်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီးနောက် ဗိုင်းရပ်စ်များ မျိုးဗီဇပြောင်းလဲသွားလျှင်ပင် သို့မဟုတ် တိရစ္ဆာန်မှလူသို့ ကူးစက်လာလျှင်ပင် ဗိုင်းရပ်စ်မျိုးနွယ်စု တစ်ခုလုံးကို ခုခံတိုက်ခိုက်နိုင်မည့် စူပါအန်တီဂျင်(Super-Antigen) တစ်ခုကို AI စနစ်က ဒီဇိုင်းထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

အန်တီဂျင် (Antigen) ဆိုသည်မှာ ခုခံအားစနစ်က ဝင်ရောက်တိုက်ခိုက်ရန် လေ့လာရသည့် ကာကွယ်ဆေး၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။

ပရော်ဖက်ဆာ ဟီးနီကတော့ AI ဒီဇိုင်းထုတ်သည့် အန်တီဂျင်ကို လူသားများနှင့် စမ်းသပ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ပြီး၊ ယခုနည်းပညာသည် ၎င်းတို့ကိုယ်တိုင်ပင် အံ့အားသင့်ရလောက်အောင်ပင် လူသားမျိုးနွယ်စုအတွက် ကောင်းမွန်သောအကျိုးကျေးဇူးများ ပြုလုပ်ပေးနိုင်မည်ဖြစ်ကြောင်း BBC သတင်းဌာနသို့ ပြောကြားသည်။

“ဒါက ဒီနေ့ခေတ်ဗိုင်းရပ်စ်တင်မကဘဲ နောင်ဖြစ်လာမယ့် ကပ်ရောဂါတွေကနေပါ ကာကွယ်ပေးမယ့် နည်းလမ်းဖြစ်လို့ ကမ္ဘာ့ကပ်ရောဂါတွေကို ရင်ဆိုင်ဖို့အတွက် အခြေခံကျကျ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် လူပေါင်း ၃၉ ဦးဖြင့် ကနဦး ဘေးကင်းစိတ်ချရမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် လူပေါင်း ၂၀၀ ခန့်ဖြင့် ခုခံအားစနစ်အပေါ် မည်မျှထိရောက်မှုရှိသည်ကို ဆက်လက်စမ်းသပ်သွားမည် ဖြစ်သည်။

သိပ္ပံဂျာနယ်တစ်ခုဖြစ်သော Journal of Infection ၌ ဖော်ပြချက်အရ လက်ရှိအချိန်အထိ ခုခံအားစနစ်အပေါ် သက်ရောက်မှုမှာ အသင့်အတင့်သာ ရှိသေးသော်လည်း သိပ္ပံပညာရှင်များအကြား အလွန်စိတ်လှုပ်ရှားနေကြသည်။

ဆောက်သမ်တန်တက္ကသိုလ် (University of Southampton) မှ ပရော်ဖက်ဆာ ဆောလ် ဖော့စ်တ် (Saul Faust) ကလည်း AI ဒီဇိုင်းသည် ဗိုင်းရပ်စ်များ လျင်မြန်စွာပြောင်းလဲနေချိန်တွင် ကာကွယ်ဆေးထုတ်ရန် အလွန်ထိရောက်မှုရှိကြောင်း အတည်ပြုသည်။

ကိန်းဘရစ်ချ်အဖွဲ့သည် နှစ်စဉ်ပြောင်းလဲရန်မလိုသည့် တုပ်ကွေးကာကွယ်ဆေးနှင့် ငှက်တုပ်ကွေး (H5N1) ကာကွယ်ဆေးများအတွက် တိရစ္ဆာန်များနှင့် သုတေသနပြုလုပ်နေပြီဖြစ်သလို၊ ကာကွယ်ဆေးမရှိသေးသည့် အီဘိုလာ (Ebola) ကဲ့သို့သော သွေးလွန်တုပ်ကွေးရောဂါများအတွက်ပါ ကာကွယ်ဆေးထုတ်ရန် ရည်ရွယ်နေသည်။

အောက်စဖို့ဒ် ကာကွယ်ဆေးအဖွဲ့ (Oxford Vaccine Group) ၏ ဒါရိုက်တာ ပရော်ဖက်ဆာ အန်ဒီ ပိုလတ်ဒ် (Andy Pollard) ကလည်း ဤနည်းလမ်းသည် တိရစ္ဆာန်များနှင့် စမ်းသပ်မှုတွင် ထိရောက်သည့် အထောက်အထားများ ပြသနေပြီဖြစ်ပြီး၊ လူသားများနှင့် စမ်းသပ်မှုမှာ နောက်ဆုံးစိန်ခေါ်မှုဖြစ်ကာ AI သည် ကာကွယ်ဆေးသုတေသနကို အချိန်တိုအတွင်း မြန်ဆန်စေပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်ဟု သုံးသပ်ထားသည်။

ဗြိတိန် သိပ္ပံနှင့် နည်းပညာဝန်ကြီး လော့ဒ် ဗာလန့်စ် (Lord Vallance) ကလည်း “ဒါဟာ ယူကေရဲ့ သိပ္ပံပညာ အောင်မြင်မှုသမိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုတေသနကျွမ်းကျင်မှုနဲ့ AI ကို ပေါင်းစပ်ပြီး ကုထုံးအသစ်တွေ ဖော်ထုတ်နိုင်ခဲ့တာပါ။ ပထမဆုံး လူသားစမ်းသပ်မှုတွေက အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာတာကြောင့် ကမ္ဘာတစ်ဝန်းက ပြည်သူတွေအတွက် ကာကွယ်ဆေးတွေ အမြန်ဆုံး ဖြန့်ဝေပေးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်” ဟု ချီးကျူးစကား ဆိုသည်။