ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူနှင့် တိုက်ပွဲများအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိမှုမှာ တစ်လ အတွင်း ၁၄၃ဦး ရှိကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည်။
မေလအတွင်း မင်းအောင်လှိုင်စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် စစ်အုပ်စုဝင် ၄၀ နှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိမှု ၁၀၃ဦးရှိကြောင်း သိရသည်။
“ပစ(စစ်မှုထမ်းတပ်သား)တွေ တစ်သိန်းကျော်ရှိနေပြီ။ပစ တွေက စစ်တပ်ထဲကို အဓမ္မသွတ်သွင်းခံရ တဲ့သူချည်းပါပဲ။ဒါပေမဲ့၊အလင်းဝင်တာ အခုမေလဆို ၄၀ပဲ ရှိတာ အင်မတန်နည်းတဲ့ ပမာဏပါ။ ဒါကို တော်လှန်ရေးခေါင်းဆောင်တွေ အဖြေရှာကြဖို့ လိုမယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ် ဦးက MPAသို့ပြောသည်။
မေလအတွင်း အလင်းဝင်လာသည့်စစ်အုပ်စုဝင် ၄၀အနက် ၂၉ဦးမှာ စစ်မှုထမ်းတပ်သားများဖြစ်သည်။
စစ်သားများ အိမ်ပြန်ချင်ပါက ရွေးချယ်စရာ တစ်ခုတည်းသော လမ်းမှာ အလင်းဝင်ခြင်းဖြစ်ပြီး သတ္တိရှိကြရန် လိုကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းထားသည်။
တော်လှန်ရေးတပ်ဖွဲ့များ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်သည့်လများတွင် အလင်းဝင်၊လက်နက်ချနှင့် စစ်သုံ့ပန်းရရှိမှုအရေအတွက် အများဆုံးဖြစ်သည်ကို တွေ့ရကြောင်း မေလ၂၉ရက်၊ ပြည်သူ့ပန်းတိုင် က ထုတ်ပြန်လိုက်သော “၂၀၂၅ခုနှစ်၊ စစ်ကော်မရှင်တပ်မှ အလင်း ဝင်၊လက်နက်ချနှင့် စစ်သုံ့ပန်း စာရင်းများ လေ့လာဆန်းစစ်ချက်”အစီရင်ခံစာ၌ ဖော်ပြသည်။
