နိုင်ငံတကာတွင် ဆုံးဖြတ်ချက်များ ချမှတ်သည့် နေရာဌာနများ၌ မြန်မာ့အရေးကို လူအများ အမြဲတစေ သတိပြု အာရုံစိုက်နေစေရန်နှင့် မြန်မာနိုင်ငံတွင်း ဒုက္ခဆင်းရဲ ခံစားနေရသည့် လူထုအတွက် အဖြေရှာဖွေပေးနိုင်ရန် ဗြိတိန် (ယူကေ) နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဟောင်းနှင့် အမေရိကန် အထက်လွှတ်တော်အမတ်တို့က ကတိပြု ပြောကြားလိုက်ကြောင်း သိရသည်။
အဆိုပါ ကတိပြုချက်ကို ယူကေနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာန၊ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဟောင်းဖြစ်သူ Rt Hon Tom Tugendhat နှင့် အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ် (Senator) ဖြစ်သူ Todd Young တို့က ဒေါက်တာ ဆာဆာဦးဆောင်သည့် (International Partners for Federal Democracy – IPFD နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲကို ဒေါက်တာဆာဆာ ဦးဆောင်သည့် IPFD က စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်းရှိ လူထုလူတန်းစားများ ရင်ဆိုင်နေရသည့် အခက်အခဲ စိန်ခေါ်မှုများကို နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ ပိုမိုနားလည်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
၎င်းအပြင် မြန်မာပြည်သူများအတွက် မည်သည့် အကူအညီများ လိုအပ်နေသည်ကို သိရှိစေရန်နှင့် ကူညီပံ့ပိုးမှုများ ပြည်သူ့လက်ဝယ်သို့ စနစ်တကျ တာဝန်သိသိဖြင့် ရောက်ရှိသွားနိုင်ရေး လက်တွေ့ကျကျ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်အတွက် ယခုကဲ့သို့ ဆွေးနွေးပွဲများက အင်မတန် အရေးကြီးကြောင်း IPFD ဖော်ပြထားသည်။
“အခုလို တွေ့ဆုံမှုမျိုးတွေဟာ မဖြစ်မနေ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ နေရာဌာနတွေမှာ မြန်မာ့အရေးကို လူအများ အမြဲတစေ သတိပြု အာရုံစိုက်နေမိစေဖို့ ကူညီပေးနိုင်လို့ ဖြစ်ပါတယ်” ဟု IPFD က ထုတ်ပြန်ထားသည်။
ထို့ပြင် လူသိများ သတိပြုစေရန် လုပ်ဆောင်နိုင်ရုံဖြင့် မလုံလောက်သေးဘဲ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ခြင်းကသာလျှင် အဓိကကျကြောင်း၊ မြန်မာနိုင်ငံကို နိုင်ငံတကာက မေ့လျော့မထားကြဘဲ လူတိုင်း အားတက်လာစေရန်အတွက် IPFD အနေဖြင့် ယခုကဲ့သို့ လေးနက်သည့် ဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
