အဖိုးဖြစ်သူ မွေးမြူထားသည့် မျောက်ကိုက်မှုကြောင့် အသက် ၆နှစ်အရွယ် ကလေးသေဆုံး

By Khaosod English

ထိုင်းနိုင်ငံ၊ နခွန်စီဓမ္မရာဇ်ခရိုင်၊ စီချွန်မြို့နယ်တွင် စနေနေ့က အသက် ၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် ၎င်း၏အဖိုးဖြစ်သူ မွေးမြူထားသော အိမ်မွေးမျောက် ကိုက်ခဲမှုကြောင့် ကွယ်လွန်သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

နာသန် ဧကရာဇ် သီချန် ဟု အမည်ရသည့် အဆိုပါ ယောက်ျားလေးသည် သေဖာရတ်ကျေးရွာအုပ်စုရှိ နေအိမ်တစ်အိမ်တွင် မျောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

မျောက်သည် ကလေးငယ်၏ ရင်ဘတ်ကို ကိုက်ခဲခဲ့ရာ အစွယ်မှာ အဆုတ်ထဲအထိ ထိုးဖောက်ဝင်ရောက်သွားခဲ့သည့်အပြင် ခြေထောက်ကိုလည်း ကိုက်ခဲခဲ့သည်။ ဆွေမျိုးများက ကောင်လေးအား စီချွန်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြသော်လည်း ဆရာဝန်များက ကယ်တင်နိုင်ခြင်းမရှိဘဲ ဆေးရုံ၌ပင် ကွယ်လွန်သွားခဲ့သည်။

ပလျံရဲစခန်းမှ ဒုရဲအုပ် မွန်ထရီ လန်သက်သည် သတင်းရရှိပြီးနောက် ကယ်ဆယ်ရေးသမားများနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။

မျောက်အုပ်ထိန်းသူဖြစ်သည့် နာသန်၏အဖိုး ဂျာရွန်းသည် အဆိုပါမျောက်ကို အကောင်ပေါက်အရွယ်ကတည်းက မွေးမြူခဲ့ခြင်းဖြစ်ပြီး နေအိမ်ဘေးရှိ သစ်ပင်နှစ်ပင်ကြားတွင် မျောက်တက်နိုင်ရန် ကြိုးအရှည်ဖြင့် ချည်နှောင်ထားခဲ့ကြောင်း၊ ကလေးငယ် နာသန်သည် အန္တရာယ်ရှိသည်ကို မသိရှိဘဲ မျောက်ရှိရာအနီးသို့ အလွန်ကပ်လျက် လျှောက်သွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။