စစ်မှုထမ်းတို့၏အသက်ကို ထိုးကျွေးပြီး တော်လှန်ရေးတပ်များ ချည့်နဲ့စေမည့် ခြွေစစ်ဗျူဟာ သုံးနေဟု ဆို

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်တပ်သည် စစ်မှုထမ်းတပ်သားများ၏ အသက်ကို ထိုးကျွေးကာ တော်လှန်ရေးတပ်များက လက်နက်ခဲယမ်းပိုမို အသုံးပြု ချည့်နဲ့စေမည့် ခြွေစစ်ဗျူဟာအား အသုံးပြုနေကြောင်း CDM ဗိုလ်မှူး နောင်ရိုးက ဆိုသည်။

ခြွေစစ်ဗျူဟာဆိုသည်မှာ တော်လှန်ရေးအင်အားစု၏ အားနည်းချက်ကို အမှည့်ခြွေ ခြွေခြင်းဖြစ်ပြီး စစ်တပ်က ၎င်း၏ တပ်အင်အားထုကို အသုံးပြုပြီး တော်လှန်ရေးတပ်များ ယိုင်နဲ့သွားအောင် တန်ပြန် ခြွေစစ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“တော်လှန်ရေးအင်အားစုတွေဟာ ကျည်ခဲယမ်းလက်နက် အားနည်းတယ်။ဘဏ္ဍာရေး အရင်းအမြစ် အားနည်းတယ်။အားနည်းတဲ့အခါကျတော့ ဒီလိုမျိုး အားနည်းတဲ့တပ်တွေကို လူအင်အားထုနဲ့ စစ် ကြောင်းတွေ လှုပ်ရှားတဲ့အခါ၊ တန်ပြန်ထိုးစစ်ဆင်တဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကျည်၊လက်နက်ခဲယမ်း ပိုမိုအသုံးပြုလာရတယ်။အသုံးပြုများလာတာနဲ့အမျှ ပိုပြီးတော့ ချို့တဲ့အား နည်းလာစေပါတယ်။အဲဒါကြောင့် တစ်ဖက်၊ ကိုယ်ရင်ဆိုင်ရတဲ့ ရန်သူရဲ့ အားနည်းချက်ကို ချည့်နဲ့ ပြတ် တောက်သွားအောင်လို့ပေါ့နော်။ခြွေစစ်ပေါ့နော်။တဖြည်းဖြည်းနဲ့ ခြွေစစ်ဗျူဟာကို ကျင့်သုံးတာလို့ ကျနော်တို့ နားလည်ရပါတယ်ဗျ”ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MIDS စစ်ဘက်သုတေသနတာဝန် ခံ CDMဗိုလ်မှူး နောင်ရိုးက MPAသို့ပြောသည်။

ယခုနောက်ပိုင်း စစ်တပ်တွင်း သေဆုံးမှုအများစုမှာ စစ်မှုထမ်းတပ်သားများဖြစ်ပြီး သေဆုံးမှုများရ ခြင်းမှာ စစ်ကြောင်းများ၌ စစ်မှုထမ်းတပ်သားအင်အား အများဆုံးဖြစ်လာသလို စစ်မှုထမ်းတပ်သား များကို ရှေ့ဆုံး၌ ထားရှိအသုံးချလာခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်ကလည်း “နေရာတိုင်းမှာ ပစ(စစ်မှုထမ်းတပ်သား)တွေ ကို လူသားဒိုင်းအဖြစ်နဲ့ အသုံးချနေတာ တွေ့ရတယ်။အသေခံတပ်သားအဖြစ်နဲ့ အသုံးချနေတာ။ရိ က္ခာတွေ သယ်ရင်လည်း ပစ တွေပဲ”ဟု ပြောသည်။

ပြည်သူအပေါ် အငြိုးကြီးသော မင်းအောင်လှိုင်သည် လူငယ်များကို စစ်တပ်ထဲ အဓမ္မသွတ်သွင်း ကာ အသေခံခိုင်းခြင်းနည်းဖြင့် စစ်ရေးအသာစီးရရန် တစ်ချက်ခုတ်နှစ်ချက်ပြတ် ပြုလုပ်နေသည်ဟု ယုံ ကြည်ကြောင်း ရန်ကုန်မြို့၊လှိုင်မြို့နယ်နေ အသက်၅၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“ပြည်သူက သူ့ကို ခါးခါးသီးသီးမုန်းတာ မအလ ကောင်းကောင်းသိလို့ အငြိုးကြီးတယ်လေ။အဲဒီအ ငြိုးတွေနဲ့ စစ်တပ်ထဲ လူငယ်တွေဖမ်းထည့်ပြီး အသေခံခိုင်းပြီးတော့ စစ်သားအင်အားကောင်းအောင် တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်တယ်။မိဘတိုင်းရဲ့ ရင်ထဲမှာ ကိုယ့်သားသမီး စစ်တပ်ထဲရောက်တာဟာ သေမိန့်ကျတာပဲလို့ ခံစားရတယ်။တကယ်လည်း အသေခံရတာပဲ”ဟု ၎င်းက ပြောသည်။

စစ်တပ်သည် စစ်မှုထမ်းတပ်သားများကို လူသားဒိုင်းအဖြစ် အသေခံခိုင်းရုံတင်မက စစ်တပ်ထဲ၌ လည်း အောက်ခြေသိမ်းအလုပ်များအား အစေခံသဖွယ် ခိုင်းချင်သလို ခိုင်းနေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက MPAသို့ပြောကြားခဲ့ဖူးသည်။