စစ်အာဏာသိမ်းမှုအကြောင်း စာအုပ်ရေးသားမှုကြောင့် ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသားကို ငွေကြေးအလွဲသုံးစားမှုကြောင့် ဖမ်းဆီးခြင်းဖြစ်ဟု လော်ဘီများ အပုပ်ချ

By MPA

ရန်ကုန်မြို့တွင် အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းသည် ငွေကြေးအလွဲသုံးစားမှုများ ကျူးလွန်ခဲ့သဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များ၌ အပုပ်ချရေးသားမှုများ ပြုလုပ်ထားသည်။

အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း (AMCHAM) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ အာဒံ ကာစတီလို (Adam Castillo) သည် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

၎င်းဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ လွတ်လပ်သော သတင်းမီဒီယာအချို့က အာဒံ ကာစတီလိုသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရသည့် မှတ်တမ်းများအကြောင်း “Finding Our Voice” အမည်ရှိ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ခြင်းကြောင့် အစိုးရဝေဖန်မှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

သို့သော် စစ်တပ်လော်ဘီများက ယင်းဖော်ပြချက်များကို လုံးဝငြင်းဆန်ပြီး နိုင်ငံရေးအရ အမြတ်ထုတ်ရန် ပုံဖော်နေသည့် သတင်းအမှားများသာ ဖြစ်သည်ဟု တုံ့ပြန်ရေးသားမှုများပြုလုပ်ထားသော်လည်း စစ်ကော်မရှင်အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

စစ်တပ်လော်ဘီများ၏ ရေးသားချက်များအရအာဒံ ကာစတီလိုကို ဖမ်းဆီးရခြင်းမှာ စာအုပ်ထုတ်ဝေမှုကြောင့် မဟုတ်ဘဲ၊ ၎င်း AMCHAM ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က ကျူးလွန်ခဲ့သည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု (ငွေကြေးအလွဲသုံးစားမှု) ကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။

၎င်းသည် အသင်းဝင်ကုမ္ပဏီအချို့ထံမှ အမေရိကန်ဒေါ်လာ သိန်းချီ၍ တရားမဝင် ကောက်ခံကာ ကိုယ်ကျိုးအတွက် အသုံးပြုခဲ့သဖြင့် အမှုဖွင့်ထားခြင်းခံရ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ဝါဒဖြန့် ရေးသားနေကြသည်။

ဖမ်းဆီးခံရသူ အာဒံ ကာစတီလိုသည် ပြီးခဲ့သည့်နှစ်က အိမ်ဖြူတော်အထိ သွားရောက်ကာ မြန်မာနိုင်ငံမှ ရှားပါးမြေဒြပ်စင် (Rare earth minerals) များ ရရှိနိုင်ရေး အမေရိကန်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးပွဲစားအဖြစ် ပါဝင်ရန် အကြံပြုခဲ့ဖူးသူဖြစ်ပြီး၊ ရန်ကုန်တွင်လည်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ ဖွင့်လှစ်ထားသူ ဖြစ်သည်။ ၎င်းသည် ပြည်ပ၌ စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်ပြီးအပြန် ဇွန်လ ၁၂ ရက်နေ့ လေဆိပ်သို့ ဆိုက်ရောက်ချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ အဆိုပါ အမေရိကန်နိုင်ငံသား ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စစ်ကော်မရှင်ဘက်က တရားဝင် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်ဆိတ်နေဆဲဖြစ်သည်။

အလားတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၎င်းတို့နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရမှုကို သိရှိထားကြောင်း ပြောကြားသော်လည်း၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုဥပဒေ (Privacy Act) အကြောင်းပြချက်ဖြင့် အသေးစိတ် မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။