၂၀၂၆ ကမ္ဘာ့ဖလားအတွက် အသင်းကြီးတွေရဲ့ ပွဲကြီးပွဲကောင်းတွေကတော့ စတင်လာနေပြီဖြစ်ပါတယ်။ မနေ့က စပိန်ကတော့ လူထုတ်ပုံလိုအပ်ချက်ကနေ အသင်းငယ် ကိတ်ဗာဒီကို တစ်ဂိုးမှမသွင်းနိုင်တဲ့အထိ ဆိုးရွားခဲ့ပြီး သရေရလဒ်နဲ့ကျေနပ်ခဲ့ရပါတယ်။ မနေ့က ထူးထူးခြားခြား ကန်တဲ့ ၄ ပွဲစလုံးသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
ဒီညမှာလည်း ဗိုလ်စွဲနိုင်ခြေအမြင့်ဆုံးသတ်မှတ်ခံထားရတဲ့ ပြင်သစ်အသင်းနဲ့ အာဖရိကဖလားပိုင်ရှင် ဆီနီဂေါအသင်းတို့ သူတို့ရဲ့ပထမဆုံးအုပ်စုပွဲစဉ်နဲ့အတူ လက်ရှိချန်ပီယံ အာဂျင်တီးနားရဲ့ပွဲစဉ်လည်း ကစားဖို့ရှိနေပါတယ်။
ပြင်သစ်၊ ဆီနီဂေါ၊ နော်ဝေနဲ့ အီရတ်တို့ရဲ့ အုပ်စု I ဟာ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ မရဏအုပ်စုလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ ဒါကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားဆုရှင်နဲ့ ၂၀၂၂ ဒုတိယဆုရှင် ပြင်သစ်အနေနဲ့ သတိကြီးကြီးထားကစားသွားရဖို့ရှိနေပါတယ်။ အုပ်စု J က လက်ရှိချန်ပီယံ အာဂျင်တီးနားကတော့ အယ်လ်ဂျီးရီးယားအသင်းနဲ့တွေ့ဆုံရမှာပါ။ တစ်ခါ အုပ်စု I က နော်ဝေနဲ့ အီရန်၊ အုပ်စု J က ဩစတြီးယားနဲ့ ဂျော်ဒန်အသင်းတို့ရဲ့ ပွဲကောင်းတွေလည်းရှိနေပါတယ်။
ဒီပွဲစဉ်တွေအတွက် MPA ရဲ့ သုံးသပ်ချက်တွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
(၁) ပြင်သစ် – ဆီနီဂေါ (ဇွန်လ ၁၇ ရက်၊ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲ)
စာရွက်ပေါ်က လူစာရင်းချင်း ယှဉ်မလား။ အသင်း စုဖွဲ့မှုကို ယှဉ်မလား။ Game Plan ကို ယှဉ်မလား။ ယှဉ်ချင်ရာ ယှဉ် ပြင်သစ်မှ ပြင်သစ်လို့ ပြောရမယ့် ပွဲပါပဲ။
ဒါပေမဲ့ နှစ်ခုတော့ ရှိနေပါတယ်။ စိတ်ဓာတ်ပိုင်းနဲ့ အဖွင့်ပွဲဖြစ်နေတာပါ။ ရှေ့မှာလည်း ကိတ်ဗာဒီ၊ နယူးဇီလန်၊ ဆော်ဒီတို့က သက်သေပြသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်အသင်းအနေနဲ့ စပိန်လို လူထုတ်ပုံအမှားမျိုး လုပ်လို့မရပါဘူး။ သတိကြီးကြီးထားမကစားဘူးဆိုရင် အဖွင့်ပွဲမှာ ရေတိမ်နစ်သွားနိုင်ပါတယ်။
လက်ရှိ ပြင်သစ်လူစာရင်းမှာ အာဆင်နယ်ကစားသမား ဆလီဗာတစ်ယောက်ပဲ နောက်ကျောဒဏ်ရာကြောင့် ပွဲထွက်မထွက် သံသယရှိနေတာဖြစ်ပါတယ်။ ကျန် လူစုံ ကြံ့ခိုင်မှုအပြည့်အရှိနေပါတယ်။ ထုံးစံအတိုင်း တိုက်စစ်ကို အမ် ဘတ်ပေက အိုလီဆေး၊ ဒမ်ဘယ်လီတို့နဲ့အတူ ပွဲထွက်လာဖွယ်ရှိနေပြီး ဒူယီ၊ ချာကီတို့က ရံလာနိုင်ပါတယ်။
ဒီတိုက်စစ်ကို ဆီနီဂေါဘက်က ကူလီဘာလီဦးဆောင်တဲ့ ခံစစ်နဲ့ ရင်ဆိုင်တွေ့ကြမှာပါ။
ဒီနှစ်သင်းက မှတ်မှတ်ရရ ဘရာဇီးလ်ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားအဖွင့်ပွဲတွေ့ဆုံခဲ့ဖူးပြီး အဲဒီတုန်းက ပြင်သစ်က ၁ ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။ အခုတော့ ၂၄ နှစ်အကြာမှာ ပြန်လည်တွေ့ဆုံကြတာမှာ ပြင်သစ်တိုက်စစ်ကဘဲ အစွမ်းပြမလား၊ ဆီနီဂေါတို့ရဲ့ ကျောက်ဆောင်နဲ့ တန်ပြန်တိုက်စစ်တွေကပဲ အလုပ်ဖြစ်သွားမလား စောင့်ကြည့်ချင်စရာပါပဲ။
ဝါရင့်ဘောပွဲခန့်မှန်းသူတွေနဲ့ ဘွတ်ကီတွေကတော့ ပြင်သစ်က ၃ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ယူသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။ MPA အနေနဲ့တော့ ပြင်သစ်ဘက်က ရှိနေမှာဖြစ်ပေမဲ့ သရေဆိုတဲ့ ရလဒ်ထွက်လာရင်လည်း အံ့အားသင့်စရာမရှိကြောင်း ခန့်မှန်းလိုပါတယ်။
ဂိုးရလဒ်ကတော့ ပြင်သစ် ၃ – ၂ ဆီနီဂေါနဲ့ ပြင်သစ် ၂ – ၂ ဆီနီဂေါဖြစ်ပါတယ်။
(၂) နော်ဝေ – အီရတ် (ဇွန် ၁၇၊ မြန်မာစံတော်ချိန် မနက် ၄ နာရီခွဲ)
အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ဂိုးအများဆုံးသွင်းသူဆုကို ရထားတဲ့ မန်စီးတီးနဲ့ နော်ဝင်တို့ရဲ့ ဂိုးသွင်းစက်ကြီး အာလင်း ဟာလန်းက သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲကို ဆင်နွှဲမှာဖြစ်ပါတယ်။ နော်ဝေအသင်းသွင်းထားတဲ့ ကမ္ဘာ့ဖလားသွင်းဂိုး ၃၇ ဂိုးမှာ ဟာလန်းက ၁၆ ဂိုးအထိ သွင်းပေးထားပါတယ်။
ဒါကြောင့် ဒီပွဲမှာ ဟာလန်းက ဂိုးဘယ်လောက်သွင်းမလဲဆိုတာကို အားလုံးက ထိုင်ရေတွက်ဖို့စောင့်နေကြတယ်လို့ပြောရင် မလွန်လောက်ဘူးထင်ပါတယ်။
ဒီအုပ်စုရဲ့ အားအနည်းဆုံးလို့ ပြောရမယ့် အီရတ်ဘက်ကတော့ ကွင်းလယ်နဲ့ နောက်တန်းမှာ ပိတ်ဆို့ပြီး တန်ပြန်တိုက်စစ်တွေနဲ့ တိုက်စစ်မှူး အိုင်မန်း ဟူစိန် Aymen Hussein ကို အထောင်တိုက်စစ်ထားကစားသွားဖွယ်ရှိနေပါတယ်။
ဒီပွဲကို အများစုက နော်ဝေ ၂ ဂိုးမရှိအနိုင် သို့မဟုတ် ၃ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ဖို့ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။ MPA အနေနဲ့လည်း နော်ဝေသာ အမှားမလုပ်ရင် ဂိုးမပြတ်ရင်တောင် ဟာလန်းရဲ့ပထမဆုံးကမ္ဘာ့ဖလားပွဲက အဖွင့်လှသွားနိုင်တယ်လို့ ခန့်မှန်းလိုက်ချင်ပါတယ်။
MPA ရဲ့ ခန့်မှန်းဂိုးရလဒ်ကတော့ နော်ဝေ ၂ – ၁ အီရတ်နဲ့ နော်ဝေ ၂ – ၀ အီရတ် ဖြစ်ပါတယ်။
(၃) အာဂျင်တီးနား – အယ်လ်ဂျီးယား (ဇွန် ၁၇၊ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲ)
ဒီပွဲက ဘယ်သူနိုင်မယ်လို့ ပြောစရာမလိုလောက်အောင် ထင်ပေါ်နေမယ့် ပွဲမျိုးလို့ပဲပြောချင်ပါတယ်။ များလှတဲ့အောင်ပွဲတွေနဲ့ အတွေ့အကြုံရင့် လီယွန်နယ် မက်ဆီ၊ လော်တာယို မာတီနက်ဇ်နဲ့ ဟူလီယန် အဲလ်ဗာရက်စ်တို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် ဒီလိုပြောရတာဖြစ်ပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ နှစ်ရှည်နည်းပြ စကယ်လိုနီရဲ့ ခံစစ်ကျောက်ဆောင်ကလည်း ဂိုးအနည်းငယ်ကိုပဲ ခွင့်ပြုပေးထားရတဲ့အခြေအနေကောင်းမှာရှိနေပါသေးတယ်။
အယ်လ်ဂျီးရီးယားဘက်ကတော့ မန်စီးတီးကစားသမားဟောင်း ရီယက် မာရတ်နဲ့ အတွေ့အကြုံနဲ့အတူ အာမင်း ဂူအီရီ၊ မိုဟာမက် အာမူရာတို့လို လျင်မြန်တဲ့ တိုက်စစ်အင်အား ရှိနေတာကြောင့် အာဂျင်တီးနားရဲ့ ခံစစ်အမှားအယွင်းမှန်သမျှကို အကောင်းဆုံး အပြစ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် မြေခွေးကန္တာရ (The Fennec Foxes) လို့ အမည်ရတဲ့ အယ်လ်ဂျီးရီးယားအသင်းဟာ ခံစစ်ကို ပိတ်ဆို့ကစားပြီး အာဂျင်တီးနားကို စိတ်ပျက်သွားအောင် လုပ်ရင်း တန်ပြန်တိုက်စစ်နဲ့ ထိုးနှက်ဖို့ ကြိုးစားလာနိုင်ခြေ ရှိပါတယ်။
ကျွမ်းကျင်သူတွေကတော့ အာဂျင်တီးနား နိုင်မယ့်အပြင် သွင်းဂိုး စုစုပေါင်း ၂ ဂိုးခွဲအထက် ဖြစ်ဖို့ ဒါမှမဟုတ် ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ဂိုးသွင်းမယ့်သူအဖြစ် လောင်းကြဖို့ အကြံပြုထားကြပါတယ်။
MPA အနေနဲ့လည်း အာဂျင်တီးနားက ၂ ဂိုးပြတ်လောက်နဲ့ နိုင်သွားမယ်လို့ ခန့်မှန်းထားချင်ပါတယ်။
အင်ဂျင်တီးနား ၂ – ၀ အယ်လ်ဂျီးရီးယား
(၄) ဩစတြီးယား – ဂျော်ဒန် (ဇွန် ၁၇ ရက်၊ ည ၁၁ နာရီ)
သြစတြီးယားအသင်းဟာ ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဂျော်ဒန်အသင်းကို အနိုင်ရရှိဖို့ အပြတ်အသတ် ရေပန်းစားနေပါတယ်။ အများစုကတော့ ၂-၀ သို့မဟုတ် ၃-၀ ရလဒ်နဲ့ နိုင်လိမ့်မယ်လို့ တစ်ပြေးညီ ခန့်မှန်းထားကြပါတယ်။ မန်ယူနိုက်တက် နည်းပြဟောင်း ရာလ်ဖ် ရန်းနစ်ရဲ့ သြစတြီးယားအသင်းဟာ ဘွန်ဒက်စ်လီဂါကစားသမားအများစုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဩစတြီးယားရဲ့ တိုက်စစ်အင်အား အလွန်တောင့်တင်းပေမဲ့ တစ်ဖက်က ဂျော်ဒန်အသင်းကတော့ အဓိကတိုက်စစ်ပိုင်းမှာ ဒဏ်ရာရပြဿနာတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဂျော်ဒန်ရဲ့ ဒဏ်ရာရပြဿနာမှာ အဓိကတိုက်စစ်ကစားသမားတွေ မပါဝင်နိုင်တာကြောင့် သြစတြီးယားရဲ့ ကျစ်လျစ်တဲ့ခံစစ်ကို ထိုးဖောက်ပြီး ဂိုးသွင်းခွင့်တွေဖန်တီးဖို့ ကြယ်ပွင့်တောင်ပံကစားသမား မူဆာ တာမာရီတစ်ယောက်တည်းအပေါ်မှာပဲ ဖိအားတွေ အများကြီး သက်ရောက်နေပါတယ်။
သြစတြီးယားအသင်းကတော့ နည်းပြ ရန်းနစ်ရဲ့ လက်အောက်မှာ ပြင်းထန်တဲ့ High-pressing ဖိအားပေးကစားတဲ့ဟန်ကိုပဲ သုံးလာပြီး သြစတြီးယားအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ မာကို အာနော်တိုဗစ်ရဲ့ သွင်းဂိုးနဲ့ ပံ့ပိုးမှုတွေကို မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ ခံစစ်နဲ့ပိတ်ကစားတတ်တဲ့ ဂျော်ဒန်အသင်းကို အလူးအလဲဖြစ်အောင် ဖိအားပေးကစားသွားဖို့ ရှိနေပါတယ်။
ပေါက်ကြေးဒိုင်တွေက သြစတြီးယားနိုင်ခြေအပြည့်ပေးထားပြီး နှစ်သင်းပေါင်း သွင်းဂိုးစုစုပေါင်း ၂ ဂိုးခွဲအထက်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
MPA အနေနဲ့လည်း သြစတြီးယားက အနိုင်ပေးချင်ပေမဲ့ အာရှအသင်းတွေရဲ့စုဖွဲ့မှုအားကြောင့် ဂိုးပြတ်နိုင်ဖို့ ခက်ခဲနိုင်တဲ့ပွဲလို့ ခန့်မှန်းထားချင်ပါတယ်။
သြစတြီးယား ၂ – ၁ ဂျော်ဒန်
(၅) ပေါ်တူဂီ – ကွန်ဂို DR (ဇွန် ၁၇၊ မြန်မာစံတော်ချိန် ၁၁ နာရီခွဲ)
ဇွန်လ ၁၇ ရက်နေ့အတွက် နောက်ဆုံးပွဲကတော့ ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီပွဲစဉ်ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို ၆ ကြိမ်မြောက်အဖြစ် စံချိန်တင်ပွဲထွက်လာဖို့ရှိနေပါတယ်။ ကိုလံဘီယာ၊ ဥဇဘက်ကစ္စတန်တို့ ပါဝင်တဲ့ အုပ်စု (K) မှာ ပေါ်တူဂီနဲ့ ကွန်ဂို DR တို့ဟာ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အဖွင့်ပွဲစဉ်အဖြစ် NRG အားကစားကွင်းမှာ စတင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
နည်းပြ ရော်ဘတ်တို မာတီနက်ဇ်ရဲ့ ပေါ်တူဂီအသင်းဟာ ဒီနှစ်ကမ္ဘာ့ဖလားရဲ့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး၊ အဖွင့်ပွဲမှာ နိုင်ပွဲအပြည့်ရယူဖို့ မျှော်မှန်းထားပါတယ်။
ကွန်ဂို DR ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် လာရောက်ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး၊ နှစ်ပေါင်း ၅၂ နှစ်အကြာမှ ပြိုင်ပွဲစင်မြင့်ထက်ကို သမိုင်းဝင်ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
အသင်းနှစ်သင်းရဲ့ လက်ရှိခြေစွမ်းအရ ပေါ်တူဂီက ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲတွေမှာ ချီလီကို (၂-၁)၊ နိုင်ဂျီးရီးယားကို (၂-၁) နဲ့ အသီးသီးအနိုင်ရရှိခဲ့ပြီး ခြေစွမ်းပြနေပါတယ်။ ခြေစစ်ပွဲ ၆ ပွဲမှာ ဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်အင်အား ရှိနေသလို၊ အာမေးနီးယားကို ၉-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ခြေမှုန်းခဲ့ဖူးပါတယ်။
ကွန်ဂို DR ကတော့ ခံစစ်ပိုင်း စည်းကမ်းစနစ်ကျတဲ့ အသင်းဖြစ်ပြီး ချန်ပီယံရှစ်ခြေစစ်ပွဲမှာ ကင်မရွန်းကို ၁-၀၊ ဂျမေကာကို ၁-၀ နဲ့ ကပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးခြေစမ်းပွဲတွေမှာ ဒိန်းမတ်နဲ့ ၀-၀ သရေကျပြီး၊ ချီလီကို ၂-၁၊ အယ်လ်ဂျီးရီးယားကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့လို့ တိုက်စစ်ပိုင်း ဂိုးသွင်းနှုန်းအားနည်းနေတာကို တွေ့ရပါတယ်။
ဒီပွဲမှာ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကပဲ တိုက်စစ်ကို ဦးဆောင်လာမှာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်၊ ဘာနာဒို ဆေးလ်ဗား၊ ရာဖေးလ် လီယွန်တို့က ပံ့ပိုးပေးမှာဖြစ်လို့ လူစုံတက်စုံ ရှိနေပါတယ်။
ကွန်ဂို DR ကတော့ ခံစစ်ပိုင်းက ဝါရင့်နောက်ခံလူ ချန်ဆယ် အမ်ဘမ်ဘာနဲ့ ပရီမီးယားလိဂ်အတွေ့အကြုံရှိတဲ့ အာရွန် ဝမ်-ဘစ်ဆာကာတို့ဦးဆောင်ပြီး ပေါ်တူဂီရဲ့ တောင်ပံတိုက်စစ်ကို ထိန်းချုပ်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းက High-press ကစားပြီး တိုက်စစ်အများအပြားနဲ့ ကစားမှာဖြစ်ပါတယ်။ ဘရူနိုနဲ့ ဘာနာဒိုဆေးလ်ဗားတို့က ကွင်းလယ်ကနေ ပွဲကို ထိန်းချုပ်ပါလိမ့်မယ်။ တစ်ဖက်မှာလည်း ကွန်ဂို DR အသင်းဟာ ခံစစ်ကို ပိတ်ဆို့ကစားတဲ့ စနစ်ကို သုံးမှာဖြစ်ပြီး ယူအန်း ဝစ္ဆာတို့ရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကို အားကိုးလာမှာ ဖြစ်ပါတယ်။
ဒီပွဲအတွက် ခန့်မှန်းရလဒ်အနေနဲ့ ပေါ်တူဂီ ၃ – ၁ ကွန်ဂို DR (သို့မဟုတ်) ပေါ်တူဂီ ၂ – ၀ ကွန်ဂို DR ဖြစ်နိုင်ပါတယ်။
