မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာပြီး ယာယီခိုလှုံရေးစခန်းများ၌ နေထိုင်နေသည့် မြန်မာနိုင်ငံသားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားများ (Identification Cards) ထုတ်ပေးမည့် အစီအစဉ်တစ်ခုကို ထိုင်းနိုင်ငံ ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန (DOPA) က ဗုဒ္ဓဟူးနေ့တွင် တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။
ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီအချိန်က ရာ့ချ်ဘူရီ (Ratchaburi) ပြည်နယ်၊ ဆွန်ဖိန်း (Suan Phueng) ခရိုင် စုပေါင်းရုံးခန်းမ၌ ပြုလုပ်သည့် ၎င်းအခမ်းအနားကို နိုင်ငံတော်အတွင်း အထူးခွင့်ပြုချက်ဖြင့် ထိန်းချုပ်နယ်မြေများ၌ နေထိုင်ကြသော နိုင်ငံခြားသားများ (အထူးသဖြင့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ဒုက္ခသည်များ)အား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားများ ထုတ်ပေးခြင်း ခေါင်းစဉ်ဖြင့် ကနဦးလှုပ်ရှားမှုအဖြစ် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားကို ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန (DOPA) ညွှန်ကြားရေးမှူးချုပ် နာရူချာ ကိုဆာဆစ်ဝီလိုင် (Narucha Kosasitwilai) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
၎င်းအခမ်းအနားသို့ ရာ့ချ်ဘူရီ ပြည်နယ်အုပ်ချုပ်ရေးမှူး သီတီလက် ကမ်ဖာ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး၊ DOPA မှ တာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရာ့ချ်ဘူရီပြည်နယ်အတွင်းရှိ ခရိုင်အားလုံးမှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ထိုင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကိုယ်စားလှယ် ဖြစ်သူ တမ်မီလင်းရှာ့ပ် (Tammi Lynn Sharpe) တို့ တက်ရောက်ခဲ့ကြသည်။
ညွှန်ကြားရေးမှူးချုပ် နာရူချာ က ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်ပြည်သူများကို ၁၉၈၄ ခုနှစ်ကတည်းက လူသားချင်းစာနာထောက်ထားမှု အခြေခံမူများပေါ်တွင် အခြေခံ၍ ကူညီစောင့်ရှောက်ခဲ့ပြီး၊ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်များကို အစိုးရက ခွင့်ပြုပေးခဲ့ကြောင်း ဆိုသည်။
ယခုအခါ အဆိုပါ လူဦးရေကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် တိကျ၊ ရှင်းလင်းပြီး ခေတ်ကာလနှင့် ကိုက်ညီသည့် မှတ်ပုံတင်အချက်အလက်များနှင့် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးအတည်ပြုချက်များ လိုအပ်လာပြီ ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
ထို့ကြောင့် ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန (DOPA) အနေဖြင့် ထိုင်းနိုင်ငံအတွင်း အထူးခွင့်ပြုချက်ဖြင့် ထိန်းချုပ်နယ်မြေများ၌ နေထိုင်ကြသော နိုင်ငံခြားသားများအား မှတ်ပုံတင်ခြင်းနှင့် သက်သေခံကတ်ပြားများ ထုတ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းသစ် (၂၀၂၆) ကို စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
ဤစည်းမျဉ်းသည် မှတ်ပုံတင်ထားပြီးဖြစ်ကာ အချက်အလက် စစ်ဆေးအတည်ပြုပြီးသော မြန်မာစစ်ဘေးရှောင်များထံသို့ သက်သေခံကတ်ပြားများ ထုတ်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။
၎င်းသက်သေခံကတ်ပြားများကို အစိုးရဌာနဆိုင်ရာများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်လည်းကောင်း၊ နိုင်ငံတော်၏ ဝန်ဆောင်မှုများကို တောင်းခံရာတွင်လည်းကောင်း၊ အစိုးရက ထုတ်ပေးထားသည့် တရားဝင်ခွင့်ပြုမိန့်များနှင့်အတူ ပူးတွဲအသုံးပြုသွားရမည် ဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ် နာရူချာ က ဤမူဝါဒကို အကောင်အထည်ဖော်ရန် ကူညီပေးခဲ့သည့် ရာ့ချ်ဘူရီပြည်နယ်အစိုးရနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးကို ချီးကျူးကျူးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် သက်သေခံကတ်ပြားများ ထုတ်လုပ်နိုင်ရန် ရန်ပုံငွေပံ့ပိုးပေးခဲ့သည့် UNHCR အဖွဲ့ကိုလည်းကောင်း၊ အနာဂတ်တွင် ထိရောက်ပြီး ရေရှည်တည်တံ့မည့် ဖြေရှင်းချက်များ ရရှိနိုင်ရေးအတွက် အများပြည်သူအေးချမ်းသာယာရေးနှင့် အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းရင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူများနှင့်အညီ အတူတကွ လက်တွဲဆောင်ရွက်ပေးခဲ့ကြသည့် မဟာမိတ်ကွန်ရက်ဌာနများအားလုံးကိုလည်းကောင်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ်ကလည်း ကျင်းပသည့် အခမ်းအနားသည် လူသားတစ်ဦးချင်းစီ၏ ဘဝ၊ ကြံ့ကြံ့ခံနိုင်ရည်ရှိမှု၊ လူသားတို့၏ ဂုဏ်သိက္ခာနှင့် အနာဂတ်တို့နှင့် တိုက်ရိုက်သက်ဆိုင်နေသည့်အတွက် လူတိုင်းအတွက် အလွန်အရေးကြီးပြီး အဓိပ္ပာယ်ပြည့်စုံသည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ ကတ်ပြားများ ထုတ်ပေးခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ (ဘဏ်လုပ်ငန်း)၊ ဆက်သွယ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူနေမှုဘဝ တိုးတက်ရေး အခွင့်အလမ်းများကို ရရှိခံစားနိုင်မည့် သော့ချက်တစ်ခု ဖြစ်ကြောင်း UNHCR ကိုယ်စားလှယ်က ရှုမြင်သည်။
ဤစနစ်သည် လုံခြုံရေးကို မြှင့်တင်ပေးရုံသာမက နေ့စဉ်လူနေမှုဘဝတွင် မိမိဘာသာ ရပ်တည်နိုင်မှု၊ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နှင့် အနာဂတ်အတွက် စီမံကိန်းများ ချမှတ်နိုင်မည့် စွမ်းရည်များကိုလည်း မြှင့်တင်ပေးမည် ဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ် နာရူချာ က ယခုကဲ့သို့ သက်သေခံကတ်ပြားများ ထုတ်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့သည် မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်နေရာတွင် နေထိုင်ကြောင်းနှင့် ထိုင်းနိုင်ငံအတွင်း မည်သည့်စည်းကမ်းချက်များဖြင့် နေထိုင်ခွင့် သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့် ရရှိထားကြောင်းတို့ကို တိကျစွာ စစ်ဆေးအတည်ပြုနိုင်ရန် ဖြစ်သည်ဟု ဆိုသည်။
ဤအချက်အလက်များသည် ထိန်းချုပ်ခြင်း၊ ကြီးကြပ်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် ဥပဒေစိုးမိုးရေး လုပ်ငန်းများအတွက် အကျိုးရှိစေမည့်အပြင် အမျိုးသားလုံခြုံရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးတို့ကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
၎င်းက ထပ်လောင်းအတည်ပြု ပြောကြားရာတွင် ယခုထုတ်ပေးသည့် သက်သေခံကတ်ပြားသည် လူသားချင်းစာနာထောက်ထားမှု အခြေခံမူများပေါ်တွင် အခြေခံ၍ လူပုဂ္ဂိုလ်များကို စောင့်ကြည့်စစ်ဆေးနိုင်ရန် နိုင်ငံတော်က ဆောင်ရွက်သည့် မှတ်ပုံတင်ခြင်းနှင့် လူဦးရေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းသက်သက်သာ ဖြစ်ကြောင်း ရှင်းလင်းစွာ ဆိုထားသည်။
အဆိုပါကတ်ပြားသည် ထိုင်းနိုင်ငံသားအဖြစ် ခံယူခွင့် (Citizenship) ကို ပေးအပ်ခြင်း မဟုတ်သလို၊ ထိုင်းနိုင်ငံသားတစ်ဦး အနေဖြင့် ရရှိမည့် မည်သည့်အခွင့်အရေးကိုမျှ တစ်စုံတစ်ရာ ပေးအပ်ခြင်း မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
