ဖမ်းဆီးခံ အင်းလေး PDF နှစ်ဦး ဖုန်းမှ တော်လှန်ရေးသမားများကို စစ်တပ် ထောင်ချောက်ဆင် လိုက်ဖမ်းနေ၊ CDM ဝန်ထမ်းတစ်ဦး ထပ်ဖမ်းခံရ

By MPA

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားရသည့် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး၏ ဖုန်းများကိုအသုံးပြု၍ နယ်မြေတွင်းရှိ တော်လှန်ရေးရဲဘော်များနှင့် ဆက်စပ်သူများကို အာဏာသိမ်းစစ်တပ်ဘက်က ထောင်ချောက်ဆင် မျှားခေါ်ဖမ်းဆီးခိုင်းနေကြောင်း ယင်းတပ်၏ အမှတ် ၁၀၀၉ တပ်ရင်းက သတိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလအတွင်းက အင်းလေးရွာမကျေးရွာတွင် ဖမ်းဆီးခြင်းခံခဲ့ရသည့် အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်းနှင့် ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို စစ်ကော်မရှင်နှင့် ရဲတပ်ဖွဲ့က ညောင်ရွှေမြို့တွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

လတ်တလော စစ်အုပ်စုက ၎င်းတို့နှစ်ဦးအား အခွင့်အရေးပေးကာ ၎င်းတို့၏ လက်ကိုင်ဖုန်းများမှတစ်ဆင့် နယ်မြေအတွင်း လှုပ်ရှားနေသည့် အခြားရဲဘော်များနှင့် တော်လှန်ရေးနှင့်ဆက်စပ်သူများကို ဆက်သွယ်မျှားခေါ်ခိုင်းနေခြင်းဖြစ်ကြောင်း အဆိုပါတပ်ရင်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ည ၇ နာရီဝန်းကျင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု၌ ပါဝင်ခဲ့သည့် CDM ကျန်းမာရေးဝန်ထမ်းဟောင်းတစ်ဦး စက်မှုဇုန်မှ အင်းလေးဒေသထဲသို့ အပြန်လမ်းတွင် ထပ်မံဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

ထပ်မံဖမ်းဆီးခံရသည့် CDM ကျန်းမာရေးဝန်ထမ်းဟောင်းအား လက်ရှိတွင် တောင်ကြီးမြို့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ၌ ထိန်းသိမ်းထားပြီး ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးလျက်ရှိကြောင်း ၎င်းတို့၏ အတွင်းသတင်းရင်းမြစ်များအရ အခိုင်အမာသိရှိရသည်ဟု အင်းလေး PDF က ထုတ်ပြန်ထားသည်။

ထို့ကြောင့် မိဘပြည်သူများ၊ တော်လှန်ရေးရဲဘော်များနှင့် ဖမ်းဆီးခံရသူများနှင့် ပတ်သက်ဆက်နွှယ်ဖူးသူများအနေဖြင့် ဖမ်းဆီးခံရဲဘော်များ၏ ဖုန်းဖြင့် ဆက်သွယ်လာမှု၊ ချိန်းဆိုမှုများ ရှိလာပါက ရန်သူ့ထောင်ချောက်ဖြစ်ကြောင်း သတိပြုရန်နှင့် ဘေးလွတ်ရာသို့ ချက်ချင်းအရေးပေါ် ရှောင်တိမ်းကြရန် အမှတ် (၁၀၀၉) တပ်ရင်းက ဇွန်လ ၂၂ နေ့ထုတ်ပြန်ချက်အတွင်း အသိပေးနှိုးဆော်ထားသည်။

ထို့ပြင် စစ်အုပ်စုသတင်းပေး ဒလန်များနှင့် တော်လှန်ရေးအင်အားစုများကို ဒုက္ခပေးနေသူများ၏ လုပ်ရပ်များကိုလည်း ပြင်းထန်စွာ တုံ့ပြန်အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ဖမ်းဆီးခံရဲဘော်နှစ်ဦးဖြစ်သည့် ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်း နှင့် ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို ဇွန်လ ၂၂ ရက်နေ့တွင် စစ်အုပ်စုဒေါက်တိုင်ဟု ဆိုသူ အိုက်ဦးလန်က တောင်ကြီးမြို့မှတစ်ဆင့် အင်းလေးရွာမကျေးရွာသို့ ပြန်လည်ပို့ဆောင်ထားကြောင်းလည်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့