By MPA
ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဒဂုံဧရာအဝေးပြေး ကုန်တင်ယာဉ်ရပ်နားကွင်း၌ ဇွန်လ ၂၆ ရက် ယနေ့နံနက်ပိုင်းက ကျပ် ၁,၁၇၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၂၁ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်အုပ်စုဘက်ကလာသည့်သတင်းများအရ သိရသည်။
သို့သော်လည်း ယခုကဲ့သို့ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုအပေါ် ပြည်သူအများက မြေပြင်အခြေအနေများနှင့် ကွာဟနေသဖြင့် အယုံအကြည် ကင်းမဲ့လျက်ရှိကြောင်း သိရသည်။
ယခုပြုလုပ်သည့် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲမှာ ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲတွင် ငွေကျပ် ၁,၀၇၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၆ မျိုးကို ဖျက်ဆီးခဲ့ခြင်းကြောင့် ယခုနှစ်တွင် ဖမ်းဆီးရမိမှု တန်ဖိုးပမာဏမှာ ယခင်နှစ်ထက် ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။
ယခုနှစ် ရန်ကုန်မြို့က မီးရှို့ပွဲတွင် ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး အမျိုးအစား ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
အလားတူ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင်လည်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တစ်ပြိုင်တည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။
သို့သော်လည်း စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများကို ထုတ်ပြန်ပြသနေသော်လည်း မြေပြင်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ရောင်းဝယ်မှုများ ပိုမိုကျယ်ပြန့်လာနေခြင်းကြောင့် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
“ဒီကောင်တွေက ရုပ်ပြသက်သက် (For Show) လုပ်နေတာပါ။ ရဲနဲ့ စစ်သားတွေ ကိုယ်တိုင်က ရောင်းတာ၊ သုံးတာတွေ ရှိနေသလို၊ မဟုတ်ရင်လည်း လိုင်းကြေးယူပြီး မျက်ကွယ်ပြုထားကြတာ။ ဒါပေမဲ့ အခုလို တစ်နှစ်တစ်ကြိမ်တော့ အမြင်လှအောင် ဟန်ပြလုပ်ပြတာပဲ” ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက လက်ရှိမြေပြင်အခြေအနေနှင့် ပတ်သက်၍ ၎င်း၏အမြင်ကို ပြောဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အောက်ခြေအဆင့်၌ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းဝယ်မှု ကွန်ရက်များ ပိုမိုအားကောင်းလာနေပြီး လူငယ်များအကြား သုံးစွဲမှုနှုန်း မြင့်တက်နေခြင်းကြောင့် အာဏာပိုင်များ၏ တရားဝင် ထုတ်ပြန်ချက်များနှင့် မီးရှို့ဖျက်ဆီးမှု အခမ်းအနားများအပေါ် ပြည်သူလူထုက အယုံအကြည်မရှိဘဲ ဖြစ်နေကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
