အာဆီယံ ဘုံ ၅ ရပ်ကို တန်ပြန်ရန် ကြံ့ဖွံ့အမတ်က လွှတ်တော်တုမှ လှုံ့ဆော်၊ လက်ရှိမြန်မာ့အခြေအနေနှင့် မကိုက်ညီတော့ဟုဆို

ဓာတ်ပုံ - တရားမဝင်ပြည်ထောင်စုလွှတ်တော်

ကြံ့ခိုင်ရေးအမတ်တုက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို တန်ပြန်ရန် ၅ နှစ်ကျော်အကြာတွင် ရွေးကောက်ပွဲအတုဖြင့်ပေါ်ပေါက်လာသည့် တရားမဝင်ပြည်ထောင်စုလွှတ်တော်တွင် လှုံ့ဆော်လိုက်သည်။

အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက် (ASEAN Five-Point Consensus) သည် မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေများနှင့် ကိုက်ညီမှုမရှိတော့ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ကလောမြို့နယ် အမတ်တု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ထို့ကြောင့် ပြန်လည်သုံးသပ် ဆောင်ရွက်ပေးရန် ၎င်းက တရားမဝင် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ယနေ့ဇွန်လ ၂၆ ရက်၌ ကျင်းပသည့် တတိယအကြိမ် တရားမဝင်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် အဆိုတစ်ခုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အာဆီယံ၏ ထုတ်ပြန်ချက်များသည် အဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေရုံမက ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေကြောင်းလည်း ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုသည်။

ဆက်လက်၍ ၂၀၂၁ ခုနှစ် အရေးပေါ်ကာလ စစ်တပ်က အာဏာသိမ်းထားချိန်၌ အာဆီယံက ချမှတ်ခဲ့သည့် အကြမ်းဖက်မှုရပ်တန့်ရေး၊ အပြုသဘောဆောင်ဆွေးနွေးရေး၊ အထူးကိုယ်စားလှယ်ခန့်အပ်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနှင့် အထူးကိုယ်စားလှယ်အဖွဲ့ လာရောက်ရေးဟူသော အချက် ၅ ချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး ကြိုတင်သဘောတူညီချက်ရယူခဲ့ခြင်းမဟုတ်ဘဲ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်နောက်ဆက်တွဲသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် လက်ရှိတွင် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး တရားမဝင်အစိုးရ ပေါ်ထွန်းလာပြီဖြစ်၍ ယင်းအချက်များသည် ခေတ်မမှီတော့ကြောင်း နန္ဒာလှမြင့်က ဆိုသည်။

ထို့ပြင် အာဆီယံသည် အနောက်နိုင်ငံအချို့၏ ဖိအားပေးမှုကြောင့် တရားမဝင်အစိုးရအကြီးအကဲများကို အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ကာ ပဋိညာဉ်စာတမ်းပါ အခြေခံမူများကို ချိုးဖောက်နေသည်ဟုလည်း ၎င်းက စွပ်စွဲပြောဆိုခဲ့သေးသည်။

ယင်းအဆိုနှင့် ပတ်သက်၍ ပင်လောင်းမြို့နယ်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲပေးသူ ၅၅၁ ဦးအနက် ထောက်ခံမဲ ၅၁၈ မဲ၊ ကြားနေမဲ ၁၀ မဲနှင့် ကန့်ကွက်မဲ ၅ မဲဖြင့် အဆိုကို လက်ခံဆွေးနွေးရန် အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့ကြောင်း သိရသည်။

အာဆီယံ တူညီသဘောထား ၅ ရပ် သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ယင်းနှစ် ဧပြီလ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပခဲ့သော အာဆီယံထိပ်သီးခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးမှ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံး အပြုသဘောဆောင် ဆွေးနွေးကြရန်၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ခန့်အပ်၍ ကြားဝင်စေ့စပ်ပေးရန်၊ အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးဗဟိုဌာနမှတစ်ဆင့် ကူညီပေးရန်နှင့် အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်တွေ့ဆုံရန်ဟူသည့် အချက် ၅ ချက် ပါဝင်သည်။

လက်ရှိ ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး အင်းနရစ် မာနာလိုက မြန်မာ့အရေးကို ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် ယင်းဘုံသဘောတူညီချက် ၅ ရပ်ကိုသာ ပင်မအခြေခံမူဝါဒအဖြစ် ဆက်လက်ကိုင်စွဲ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားထားသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် မြန်မာပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် အဆိုပါ သဘောတူညီချက်ပါ အချက်အလက်များ မြေပြင်တွင် ထိရောက်စွာ အကောင်အထည်ပေါ်လာစေရေးကို အလေးထား လုပ်ဆောင်သွားမည်ဟု သဘောထား ထုတ်ဖော်ထားသည်။

သို့သော်လည်း မြန်မာ့ပကတိအခြေအနေတွင် စစ်အုပ်စုဘက်က အဆိုပါ သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်နေခြင်းနှင့် မကြာသေးမီက စစ်အုပ်စုလွှတ်တော်အတွင်း ယင်း ၅ ချက်ကို ပြန်လည်သုံးသပ်ရန် အဆိုပြုချက်များ ရှိနေခြင်းတို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ ဦးဆောင်သည့် အာဆီယံအဖွဲ့အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်၊ အိန္ဒိယ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းကာ လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းများမှတစ်ဆင့် မြန်မာ့အရေးကို ချဉ်းကပ်ရန်နှင့် သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်ရှိလာစေရန် ဆက်လက်ဖိအားပေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။