ဝမ်းတွင်းတွင် ဒေသခံတို့ အုပ်ကြီး တင်မြှောက်လိုသူ အမှုဖွင့်ခံရပြီး သားဖြစ်သူကို စစ်တပ် ဝင်ဖမ်း

ဓာတ်ပုံ- Voice of Wundwin

မန္တလေးတိုင်း၊ဝမ်းတွင်းမြို့နယ်၊မြင်းကျကန်ရွာ အုပ်ချုပ်ရေးမှူးအဖြစ် ဒေသခံတို့ တင်မြှောက်လိုသူ အမှုဖွင့်ခံရပြီး သားဖြစ်သူကို စစ်တပ်က ဝင်ဖမ်းခဲ့ကြောင်း သိရသည်။

စစ်တပ် အစေခံ လက်ရှိအုပ်ချုပ်ရေးမှူး ဝင်းရှောင်က စစ်တပ်နှင့်ပေါင်းကာ ဒေသခံတို့က အုပ်ချုပ် ရေးမှူးအဖြစ် တင်မြှောက်လိုသူကို ရပ်ကျေးအုပ်ချုပ်ရွေးပွဲ ဝင်ခွင့်မရအောင် ၅၀၅(က)ဖြင့် အမှုဖွင့်ခဲ့ရုံတင်မက ထိုင်းမှပြန်လာသော သားဖြစ်သူအား ထောက်ပို့လုပ်သည်ဆိုသော စွပ်စွဲချက် ဖြင့် ဇွန်၂၅ရက်၊ည၈ နာရီခန့်၌ စစ်တပ်က ဝင်ဖမ်းခဲ့ကြောင်း Voice of Wundwin က သတင်းထုတ် ပြန်သည်။

“အခု ရပ်ကွက်က တင်မယ့်သူကို သူ(ဝင်းရှောင်)က သူ့နေရာမပေးနိုင်လို့ အကြောင်းမရှိ အကြောင်း ရှာ တရားစွဲတဲ့အပြင် အဲလူ သားကို စစ်တပ်ခေါ် ဖမ်းခိုင်းတာ”ဟု Voice of Wundwin မှ တာဝန်ရှိသူ တစ်ဦးက MPAသို့ပြောသည်။

ဇွန်လ၂၅ရက်၊ည၈နာရီခန့်တွင် မြင်းကျကန်ရွာထဲသို့ စစ်သား၇ဦးရောက်ရှိလာကာ ဒေသခံတို့ အုပ်ကြီး တင်မြှောက်လိုသူ၏ အိမ်ထဲသို့ ဝင်ရောက်မွှေနှောက်သောင်းကျန်းကြကြောင်း သားဖြစ်သူ မှာ အချိန်မီ ထွက်ပြေးနိုင်သဖြင့် လွတ်မြောက်သွားသော်လည်း ထိုလူငယ်၏ အိမ်ယာအောက်ရှိ ငွေ ကျပ်၁၇သိန်းကို လုယက်သွားကြောင်း သိရသည်။

လက်ရှိအုပ်ချုပ်ရေးမှူး ဝင်းရှောင်သည် ကျေးရွာအတွင်းရှိ ပိုက်ဆံရှိသည့်အိမ်များက ယောက်ျား လေးများကို စစ်မှုထမ်းကြေး တစ်လ ၃သိန်းနှင့် ငွေအဆင်မပြေသူများကို တစ်လ တစ်သိန်း ကောက် ခံရုံတင်မက ကျေးရွာ ကာလသားများရန်ပုံငွေကိုလည်း ကာလသားခေါင်းက မကိုင်ရတော့ဘဲ ၎င်းက သာ ကိုင်တော့ကြောင်း Voice of Wundwin က ထုတ်ပြန်သည်။

“သူကအခုသူဌေးကြီးဖြစ်နေပြီလေ။ အာဏာမသိမ်းခင်က အုပ်ကြီးမဖြစ်ခင် ထမင်းတောင် နပ်မှန်တဲ့ ကောင်မဟုတ်ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်သားများသည် မြင်ကျကန်ရွာမှ အပြန်တွင် ကံစွယ်ရွာမှ အသက်၃၅နှစ်အရွယ်ရှိ အမျိုးသားကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရသည်။