မြိုင် စက်မှု၂ မှ လူသတ်မီးရှို့စစ်ကြောင်း ထွက်လာ၊ တော်လှန်ရေးတပ်များ စောင့်ကြည့်နေ

မကွေးတိုင်း၊မြိုင်မြို့နယ်၊စက်မှု၂မှ ထွက်လာသော လူသတ် မီးရှို့စစ်ကြောင်းသည် ကုန်းရွာထဲသို့ ရောက်ရှိနေ ကြောင်း အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ယင်းစစ်ကြောင်းသည် ယနေ့(ဇွန်၂၇ရက်)နံနက်ပိုင်းတွင် စစ်တပ်အခြေစိုက်ရာ စက်မှု၂ မှ ထွက် လာခြင်းဖြစ်ပြီး ယနေ့၊နေ့ခင်းပိုင်းအထိ ကုန်းရွာထဲမှ ထွက်လာသည့် အရိပ်အယောင် မတွေ့ ရသေး ကြောင်း သိရသည်။

“အင်အား ဘယ်လောက်ပါလာသလဲဆိုတာ မခန့်မှန်းတတ်သေးဘူး။စစ်ကြောင်းအခြေအနေကို လည်း စောင့်ကြည့်နေဆဲပဲ”ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

စက်မှု၂မှ ထွက်လာသည့် စစ်ကြောင်းသည် မေလ ၂၄၊၂၅နှင့် ၂၆ရက်တို့က ကုန်းရွာမှ အိမ်ခြေ၂၀ နှင့် ဝက်ပုတ်ရွာမှ နေအိမ် ၄၅လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ၂ဦးအား သတ်ဖြတ်ခဲ့ကြောင်း အညာ မြေတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

“စစ်ကြောင်းတွေက ပြည်သူတွေ့ရင် သတ်နေတာချည်းဆိုတော့ ကျနော်တို့က တိုက်ဖို့ခိုက်ဖို့ အစီအ စဉ်မရှိတောင်မှ ပြည်သူတွေ လုံခြုံရေးအတွက် စစ်ကြောင်းထွက်လာတာနဲ့ တောက်လျှောက်စောင့် ကြည့်ပြီး သတိပေးနေရတယ်”ဟု ဒေသခံ ပကဖရဲဘော်တစ်ဦးက ပြောသည်။

စစ်တပ်အခြေစိုက်ရာ စက်မှု၂ထဲသို့ Mi 17 ရဟတ်ယာဉ်ဖြင့် ဇွန်လ၁၇ရက်တွင် ၂ကြိမ်နှင့် မေလ ၂၃ ရက်က ၃ကြိမ် စစ်သား အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

“ဖြည့်ထားတဲ့ အင်အား အတိအကျ မသိဘူး။ ကျနော်တို့ဘက်မှာ စစ်ကြောင်းက ရွာတွေ အိမ်တွေ မီးရှို့တာကတော့ မဆန်းတော့ဘူး။အဓိကက ပြည်သူတွေ စစ်ကြောင်းနဲ့ မတိုးဖို့ပဲ။ဘာလို့ဆိုတော့ စစ်ကြောင်းနဲ့တိုးရင် ကြီးကြီး ငယ်ငယ် အသတ်ခံရတာများလို့”ဟု ၎င်းက ဆက်လက်ပြောသည်။

မြိုင်မြို့နယ်အတွင်း စစ်သားအင်အားဖြည့်တင်းမှုကို ပခုက္ကူအခြေစိုက် တပ်မ၁၀၁ မှ ပို့ဆောင်ပေး နေကြောင်း သိရသည်။