ဂါဇာအရေးဆွေးနွေးရန် အမေရိကန်သမ္မတထရန့်ပ် မွတ်စလင်နိုင်ငံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်

ဓာတ်ပုံ- AFP
ပုံစာ-- အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသ မြောက်ပိုင်းရှိ ဂျက်ဘာလီယာမြို့တွင် မတ်လအတွင်းက လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံများအနီး ကလေးများကို တွေ့ရစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်ပ်သည် မဟာမိတ် အစ္စရေး၏ ထိုးစစ်ဆင်မှုများကြောင့် အခြေအနေတင်းမာနေသည့် ဂါဇာအရေးကို ဆွေးနွေးရန်အတွက် မွတ်စလင် နိုင်ငံများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများနှင့် စက်တင်ဘာ ၂၃ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်သည်။

ထရန့်ပ်သည် ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကာတာ၊ အီဂျစ်၊ ဂျော်ဒန်၊ တူရကီ၊ အင်ဒိုနီးရှားနှင့် ပါကစ္စတန်တို့နှင့် ဘက်ပေါင်းစုံပါဝင်သည့် အစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်က တနင်္လာနေ့တွင် သတင်းထောက်များကို ပြောကြားသည်။

Axios သတင်းဌာနက ဖော်ပြရာတွင် ထရန့်ပ်သည် အဆိုပါနိုင်ငံများမှ ခေါင်းဆောင်များကို ဂါဇာ၏ ငြိမ်းချမ်းရေးနှင့် စစ်ပြီးနောက် အုပ်ချုပ်ရေးဆိုင်ရာ အဆိုပြုချက်တစ်ခုကို တင်ပြမည်ဖြစ်သည်။

ဓားစာခံများကို ပြန်လွှတ်ပေးပြီး စစ်ပွဲကို အဆုံးသတ်ခြင်းအပြင် ဟားမတ်စ် မပါဝင်သည့် ဂါဇာမှ အစ္စရေးတပ်များ ရုပ်သိမ်းရေးနှင့် စစ်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးဆိုင်ရာ အမေရိကန်၏ အစီအစဉ်များကိုလည်း ထရန့်ပ်က ဆွေးနွေးမည်ဟု မျှော်လင့်ရကြောင်း အဆိုပါသတင်းတွင် ပါရှိသည်။

အာရပ်နှင့် မွတ်စလင်နိုင်ငံများက အစ္စရေး၏ တပ်ရုပ်သိမ်းရေးကို အထောက်အကူပြုရန် ဂါဇာသို့ စစ်အင်အားများ စေလွှတ်ရန်နှင့် အသွင်ကူးပြောင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးအစီအစဉ်များအတွက် ရန်ပုံငွေများကို လုံခြုံစေရန် အမေရိကန်အစိုးရက သဘောတူညီစေလိုကြောင်း Axios က ဖော်ပြခဲ့သည်။

ယနေ့တွင် သမ္မတ ထရန့်ပ်သည် ကုလသမဂ္ဂအထွေထွေညီလာခံကို မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး၊ ထိုနေ့သည် ဂါဇာစစ်ပွဲစတင်ခဲ့သည်မှာ နှစ်နှစ်နီးပါးရှိလာချိန်တွင် အစ္စရေးနှင့် အမေရိကန်တို့၏ ပြင်းထန်သော ခုခံဆန့်ကျင်မှုကို ရင်ဆိုင်နေရသည့် အရေးပါသော သံတမန်ရေးရာ အပြောင်းအလဲတစ်ခုဖြစ်သည့် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ကမ္ဘာ့ခေါင်းဆောင် ဒါဇင်ပေါင်းများစွာသည် ကုလသမဂ္ဂတွင် တနင်္လာနေ့က တွေ့ဆုံခဲ့ကြသည်။

အဆိုပါနိုင်ငံများက နှစ်နိုင်ငံအဖြေရှာရေးသည် ငြိမ်းချမ်းရေးရရှိရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း၊ အစ္စရေးက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခြင်းသည် အစွန်းရောက်ဝါဒကို ဆုချခြင်းဖြစ်သည်ဟု ကန့်ကွက်ပြောဆိုခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကတည်းက အစ္စရေး၏ ဂါဇာအပေါ် ထိုးစစ်ဆင်မှုကြောင့် လူပေါင်းသောင်းနှင့်ချီ၍ သေဆုံးခဲ့ရပြီး ဂါဇာလူဦးရေတစ်ခုလုံး ပြည်တွင်းနေရပ်စွန့်ခွာခဲ့ရကာ အငတ်ဘေးကြုံတွေ့နေရသည်။

ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုများစွာက ထိုအခြေအနေသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် တူညီကြောင်း သုံးသပ်ခဲ့ကြသည်။

အစ္စရေးက ၎င်း၏လုပ်ရပ်များသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ပါလက်စတိုင်း ဟားမတ်စ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုအပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

ထိုတိုက်ခိုက်မှုတွင် လူ ၁,၂၀၀ သေဆုံးပြီး ၂၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်။ အစ္စရေးသည် ၎င်း၏ ဂါဇာစစ်ပွဲအတွင်း အီရန်၊ လက်ဘနွန်၊ ယီမင်၊ ဆီးရီးယားနှင့် ကာတာတို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သမ္မတ ထရန့်သည် ဂါဇာစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်မည်ဟု ကတိပေးခဲ့သော်လည်း ၎င်း၏ သက်တမ်း ၈ လအတွင်း ဖြေရှင်းရန် ခက်ခဲနေဆဲဖြစ်သည်။