အလှမွေးငါး ဝါသနာရှင်များနှင့် ပြည်သူများအကြား ရေပန်းစားလှသည့် တိုက်ငါး (Betta Fish) ကို သက်ရှိအရှင်အတိုင်း Blind Box စနစ်ဖြင့် ထုပ်ပိုးရောင်းချနေမှုအပေါ် လူမှုကွန်ရက်စာမျက်နှာများတွင် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်နေသည်။
အဆိုပါ ရောင်းချမှုနှင့် ပတ်သက်၍ Thar Thar ဆိုသူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော Nemo Fish Shop တွင် ရုပ်သံဖိုင်တစ်ခု တင်ရိုက်ကာ ကြော်ငြာခဲ့ခြင်း ဖြစ်သည်။
၎င်းက “ကျတော်တို့ Blind Box တွေကို သိကြမှာပေါ့နော်၊ Blind Box တွေထဲမှာမှ အရုပ်အမျိုးအစားပေါင်းများစွာရှိတယ်ပေါ့နော်၊ ကျတော်တို့ ယောင်္ကျားလေးတွေရဲ့အကြိုက် Blind Box ဆိုတော့ ကျတော့်နောက်မှာ ထူးခြားတဲ့အရာတွေရှိတယ်။ အင်ဒိုနီးရှားမှာ အရမ်းကို ခေတ်စားခဲ့ပြီးပြီ အခုလည်း ခေတ်စားလတ္တံ၊ Betta fish (တိုက်ငါး) Blind Box၊ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အလှမွေးငါး အရှင်ထဲမှာမှ Betta fish” ဟု ပြောဆိုကာ မိတ်ဆက်ခဲ့သည်။
၎င်းသည် Thar Thar Betta Farm အမည်ဖြင့် အွန်လိုင်းပေါ်တွင် အခြေစိုက်ကာ ထိုကဲ့သို့ သက်ရှိငါးများကို သေတ္တာအတွင်း ထည့်သွင်းကာ ကံစမ်းမဲနှိုက်သည့် စနစ်မျိုးဖြင့် ရောင်းချနေခြင်း ဖြစ်သည်။
“တိုက်ငါးတွေဟာ အောက်ဆီဂျင်စက်မလိုဘဲ အသက်ရှင်နိုင်တယ်ဆိုပေမဲ့ အလုံပိတ်ဘူး ဒါမှမဟုတ် ကတ်ထူသေတ္တာတွေထဲမှာ နာရီပေါင်းများစွာ ရက်နဲ့ချီပြီး အမှောင်ချခံရတဲ့အခါ ရေအပူချိန်ပြောင်းလဲတာ၊ အောက်ဆီဂျင်ပြတ်လပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ သက်ရှိတွေကို အရုပ်တွေလို သဘောထားပြီး နှိပ်စက်ရာ ရောက်ပါတယ်။” ဟု အလှမွေးငါးမွေးမြူသူ တစ်ဦးက MPA သို့ မှတ်ချက်ပြုသည်။
ထိုရုပ်သံဖိုင် ထွက်ရှိလာပြီးနောက်ပိုင်း ကြည့်ရှုသူ ပြည်သူများနှင့် ငါးဝါသနာရှင်များအကြား စိတ်အနှောင့်အယှက်ဖြစ်ကာ ကန့်ကွက်သည့် မှတ်ချက်ပေါင်းများစွာ ၎င်း၏ Nemo Fish Shop လူမှုကွန်ရက်တွင် ရေးသားထားကြသည်။
အဆိုပါ ပို့စ်၏ မှတ်ချက်နေရာတွင် ပြည်သူတစ်ဦးက “အနုပညာလောကမှာ ဘောင်မဝင်တော့ နာမည်ကြီးချင်လို့ အခုလိုရက်စက် ယုတ်မာပြတာလား” ဟု မေးခွန်းထုတ်ထားပြီး၊ နောက်ထပ် ပြည်သူတစ်ဦးကလည်း “ဆိုင်လိပ်စာလေးပေးပါလား စောက်ရှက်ရယ် စောက်ဦးနှောက်ရယ် ဝယ်ထည့်ပြီး ပေးလိုက်ချင်လို့” ဟု ဒေါသတကြီး မှတ်ချက်ပြုထားသည်။
ထို့ပြင် အလှမွေးငါး ဝါသနာရှင်တစ်ဦးကလည်း “တကယ်ကို စိတ်ပျက်ဖို့ကောင်းတဲ့ Marketing Strategy (ဈေးကွက်ရှာဖွေရေးဗျူဟာ) ပါ၊ Blind Box လုပ်စရာ အရုပ်တွေ မဟုတ်ပါဘူး။ ငါးကို တကယ်ချစ်တဲ့ ဝါသနာရှင်တွေ ဆိုရင်လည်း ကိုယ့်အကြိုက်ငါးကို သေချာရွေးဝယ်ကြတာပါ” ဟု ရေးသားကာ သက်ရှိသတ္တဝါများကို စီးပွားရေးအမြတ်အစွန်းအတွက် အရုပ်ကဲ့သို့ သဘောမထားသင့်ကြောင်း ထောက်ပြဝေဖန်ထားကြသည်။
Blind Box စနစ်၏ သဘောတရားမှာ မည်သည့်အရောင်၊ မည်သည့်အမျိုးအစား ပါရှိလာမည်ကို ဝယ်ယူသူအနေဖြင့် ကြိုတင်သိရှိနိုင်ခြင်း မရှိသည့် စနစ်ဖြစ်ကာ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်လျှောက်တွင်လည်း သေတ္တာဘူးများကို ပစ်ပေါက်ခြင်း သို့မဟုတ် အထပ်ထပ် ဖိညှပ်မိခြင်းများ ဖြစ်ပေါ်ပါက ရေအိတ်ပေါက်ပြဲပြီး ငါးများ သေဆုံးသွားနိုင်သည့်အပြင်၊ လမ်းခရီး၌ အပူချိန်လွန်ကဲမှုကြောင့် သေဆုံးရသည့် ဖြစ်စဉ်မျိုးလည်း အမြောက်အမြား ရှိကြောင်း အလှမွေးငါးမွေးမြူသူ တစ်ဦးက ပြောသည်။
