လေဖြတ်နေသည့် အမေအိုကို သတ်သည့် သားကို UWSA သေဒဏ်စီရင်

ဓာတ်ပုံ - WSP

By MPA

‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် – UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့တွင် အသက် (၈၀) ကျော်အရွယ်အမေအိုကို သတ်မိခဲ့သူအား ‘ဝ’ ပြည်နယ်တရားစီရင်ရေးဌာန(WSP)က သေဒဏ်စီရင်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ကျူးလွန်သူ တရုတ် – ကိုးကန့်လူမျိုး အသက် (၄၀) ကျော်အရွယ် Ping suang ling အမည်ရှိအမျိုးသားသည် မြေကွက်ရောင်းထားသည့် ပိုက်ဆံကို မပေး၍ဟုဆိုကာ အသက် ၈၀ အရွယ်ရှိ အမေအိုကို ရိုက်နှက်ခဲ့ရာမှ ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ‘ဝ’ လူငယ့်အသံသတင်းဌာနက ယနေ့ ဇွန် ၂၉ ရက်တွင် ရေးသားဖော်ပြသည်။

လွန်ခဲ့သည့် ၄ လခန့်က ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့တွင် ‘ဝ’ ပြည်နယ်တရားစီရင်ရေးဌာနက သေဒဏ်စီရင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦး၏ ပြောကြားချက်ကို ကိုးကားရေးသားထားသည်။

ထိုအမျိုးသားသည် ဖြစ်စဉ်ဖြစ်ပွားချိန် အရက်သောက်ထားပြီး မိခင်မှာ အသက်အရွယ်ကြီးရင့်နေမှုကြောင့် ရိုက်နှက်သည့်ဒဏ်ကို မခံနိုင်ဘဲ ဆေးရုံအရောက်တွင် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

မိခင်ဖြစ်သူကို ရည်ရွယ်ချက်ရှိရှိရိုက်နှက်ပြီး သေဆုံးစေခဲ့သည့်အတွက် ‘ဝ’ ပြည်နယ် တရားဥအဒေအရ လူသတ်မှုမြောက်ခြင်းကြောင့် သေဒဏ်ချမှတ်ခံရခြင်းဖြစ်သည်ဟု အထက်ပါအမျိုးသားက ဆက်လက်ပြောကြားသည်။

‘ဝ’ ပြည်နယ် တရားစီရင်ရေးဌာန – WSP အနေဖြင့် ပြီးခဲ့သည့် ဧပြီ ၂ ရက်နေ့တုန်းကလည်း အမျိုးသားတစ်ဦးနှင့် မတ်လ ၂၉ ရက်နေ့က အမျိုးသား ၄ ဦးတို့ကိုလည်း အလားတူအများပြည်သူရှေ့တွင် သေဒဏ်စီရင်ခဲ့သေးကြောင်း သိရသည်။