ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း ဘုန်းကြီးကျောင်းများထဲသို့ ဧည့်စာရင်းဝင်စစ်ကာ လူငယ် များကို ဖမ်းဆီးသွားကြောင်း သိရသည်။
ရန်ကုန်မြို့၊စမ်းချောင်းနှင့် ဗဟန်းမြို့နယ်ထဲရှိ ဘုန်းကြီးကျောင်းအချို့ထဲသို့ စစ်တပ်က ဧည့်စာရင်း ဝင်စစ်ခြင်းဖြစ်ပြီး ဧည့်မတိုင်ထားသူနှင့် မသင်္ကာသူ ၅ဦးကို ဖမ်းဆီးသွားသည်ဟု သိရကြောင်း Rangoon Scout Network-RSN တာဝန်ရှိသူတစ်ဦးထံက သိရသည်။
“၂ ရက်လောက်တော့ လိုက်စစ်သွားတယ်ဗျ။ စစ်မှုထမ်း အမှတ်စဉ်သစ် မစခင် လှုပ်ရှားတာ ထင်ပါ တယ်။ ဧည့်စစ်တွေလည်း များသွားတယ်။ နောက်ပိုင်းတော့ ပြန်ငြိမ်သွားတယ်။ မနေ့က လူတွေကို သင်တန်းကျောင်း(စစ်မှုထမ်းသင်တန်း)တွေဆီ ပို့လိုက်ပြီး ဒီနေ့ သင်တန်းစပြီလို့လည်း သိရပါတယ် ဗျ” ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။
ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ခြင်းရှိ၊မရှိ နောက်ဆက်တွဲအခြေအနေကို မသိသေးကြောင်း ၎င်းက ဆိုသည်။
“ရန်ကုန်မှာ နည်းနည်းတောင်ကြာပြီ။အမှုကြီး ဖြစ်တာကလွဲရင် ကျန်တာကတော့ လူငယ်ဆိုရင် ဘာအမှုဖြစ်ဖြစ် ထောင်ထဲကို မပို့တော့ဘူး။ထောင်ထဲမှာ ကျွေးရမွေးရ စရိတ်ကုန်သေးတာကိုး။စစ်မှု ထမ်းထဲပဲ ပို့လိုက်တယ်။တစ်ယောက်ကို ၁၅သိန်း၊သိန်း၂၀ ရတယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ် က ပြောသည်။
ရန်ကုန်တွင် ဇွန်၂၂ရက်မှ ၂၈ရက်အတွင်း လမ်းမပေါ် ဖမ်းဆီးခံရသူ ၅ဦးနှင့် ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူ ၅ဦး ရှိကြောင်း RSN က ယနေ့(ဇွန်၂၉ရက်)သတင်းထုတ်ပြန်သည်။
ယင်းဖမ်းဆီးမှုသည် လှိုင်၊ဗဟန်းနှင့် မင်္ဂလာတောင်ညွန် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
