ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရပ်ကွက်အချို့မှ မြေကွက်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံ လှူဒါန်းထားသည့် မြေများဖြစ်သည်ဟု လုပ်ကြံအကြောင်းပြကာ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများက သိမ်းဆည်းရန် ကြံစည်နေကြောင်း ဖြစ်စဉ်သိရှိသူများ၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ လက်မှတ်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်)၊ မြေစာရင်းဦးစီးဌာနနှင့် တရားရုံးများသို့ အဆိုပါ အငြင်းပွားမြေနေရာများနှင့် ပတ်သက်၍ ပြန်လည်စိစစ်ရန် ညွှန်ကြားစာများ ပေးပို့ထားကြောင်း သိရသည်။
ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မြေပွဲစားအချို့ လက်ဝါးချင်းရိုက်ကာ သစ်တောမြေများကို အကွက်ရိုက်ထားခြင်းများနှင့် သဘောအလျောက် တိုးချဲ့ထားသည့် မြေနေရာများကို ပြန်လည်စိစစ်ရန် အဆိုပါ ညွှန်ကြားစာတွင် ပါရှိသည်။
ပေါက်ကြားလာသည့် လျို့ဝှက်ညွှန်ကြားစာအတွင်း နယ်မြေ ၁၂ နေ ဦးကျော်လွင်က လုပ်အားခအဖြစ်ပေးမည်ဟု မြေတစ်ဝက်ကို မပေး၍ ပြည်နယ်အစိုးရထံ တိုင်ကြားလာခြင်းဖြစ်ပြီး ယင်းမြေတစ်ဝက်မှာ မြေပိုင်ရှင် (ဦးရန်သိန်း)၏ သားဖြစ်သူ ကိုသားကြီးက ရောင်းချကာ PDF ထံ လှူဒါန်းထားသည်ဟု စွပ်စွဲပြောကြားထားသည်။
မြေပြင်ဖြစ်စဉ် သိရှိထားသူတစ်ဦးကတော့ “အမှန်က PDF ဆီ လှူဒါန်းထားတာမျိုး မဟုတ်ပါဘူး။ အဓိကက အဲဒီနေရာတွေက သစ်တောနယ်မြေတွေ ဖြစ်နေတာရယ်၊ အကွက်ရိုက်ထားပြီး အထောက်အထား မပြနိုင်တာတွေ အများကြီး ရှိနေတာရယ်ကို အခွင့်ကောင်းယူပြီး စစ်အုပ်စုက သိမ်းဖို့ ကြံနေတာပါ။ တစ်ခါတည်း တခြားနေရာတွေကိုပါ ရောကြိတ်ပြီး သိမ်းမယ့်သဘော ရှိပါတယ်” ဟု MPA ကို ပြောသည်။
ထို့ကြောင့် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၂) အနောက်တစ်ကြောရှိ အကွက်လွတ်များအပြင် အေးသာယာစက်မှုဇုန်အနီး မုံတဝတောင်နှင့် ကပ်နေသည့် တောင်စောင်းမြေနေရာများကို ဝယ်ယူရန် စီစဉ်နေသူများအနေဖြင့် ရောင်းမှားဝယ်မှား မဖြစ်စေရန် လတ်တလော မဝယ်ယူကြသေးဘဲ အထူးရှောင်ရှားကြရန် ဖြစ်စဉ်သိရှိသူများက သတိပေးထားသည်။
ထို့ပြင် ကရင်မရေထွက်အောက်ခြေရှိ ဘုရားဖြူရပ်ကွက်နယ်မြေအတွင်းမှ နေရာအချို့သည်လည်း သစ်တောမြေများနှင့် ထိစပ်နေသဖြင့် စစ်ကော်မရှင်လက်အောက်ခံ ဌာနများက မြေပြင်ကွင်းဆင်း စစ်ဆေးရန် ပြင်ဆင်နေကြောင်း သိရသည်။
ထို့ကြောင့် စဝ်စံထွန်းရပ်ကွက်အတွင်းတင် မဟုတ်ဘဲ ဘုရားဖြူရပ်ကွက်အတွင်း ပါဝင်နေသည့် မြေနေရာများကို ဝယ်ယူမည်ဆိုပါက သေချာစွာ စုံစမ်းစစ်ဆေးပြီးမှသာ ဝယ်ယူကြရန် နှိုးဆော်ထားသည်။
မြေပြင်သတိပေးချက်များအရ အဆိုပါဒေသတစ်ဝိုက်တွင် မြေကွက်များ ဝယ်ယူမည်ဆိုပါက မြေစာရင်းဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ မြေပုံညွှန်းများတွင် မပျက်မကွက် သွားရောက်စစ်ဆေးရန် လိုအပ်ပြီး၊ အထူးသဖြင့် လျှပ်စစ်မီတာ မရရှိသေးသည့် မြေကွက်များကို လုံးဝရှောင်ရှားသင့်ကြောင်း သိရသည်။
“အစိုးရဌာနတွေရဲ့ ဒုတိယအဆင့် အရေးယူဆောင်ရွက်မှု ညွှန်ကြားစာ ဘယ်လိုထွက်လာမလဲ မသိရသေးပါဘူး။ ပြဿနာတစ်စုံတစ်ရာ တက်လာရင် ရောင်းပေးခဲ့တဲ့ ပွဲစားတွေက တာဝန်ယူပေးလေ့မရှိလို့ ပွဲစားတွေကြောင့် ဝယ်မှားရောင်းမှား ဖြစ်ပြီး အနှစ်နာဆုံး ခံရမှာက ပြည်သူတွေပဲ ဖြစ်လိမ့်မယ်” ဟု ဒေသခံတစ်ဦးက MPA ကတစ်ဆင့် သတိပေး ပြောကြားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – တောင်ကြီးမြို့ကို တွေ့ရစဉ်
