ခင်ဦးတိုက်ပွဲအတွင်း သေဆုံးစစ်သားအလောင်းများကို လှည်း ၃ စီးဖြင့် ညတွင်းချင်း စစ်တပ် လာသယ်

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်
ပုံစာ - အောင်ပွဲခံ ကာကွယ်ရေးရဲဘော်များကို စစ်သုံ့ပန်းနှစ်ဦး၊ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဉ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်သားအလောင်းများကို လှည်း ၃ စီးဖြင့် ညတွင်းချင်း စစ်တပ်က လာသယ်သွားကြောင်းသိရသည်။

စက်တင်ဘာ ၂၂ ရက်၊ နံနက် ၇ နာရီခန့်တွင် ခင်ဦးမြို့နယ် စစ်တပ်စခန်း မှ ရွှေဘိုလေ့ကျင့်ရေး ၈ နှင့် ဖုတ်ကုန်းပျူရွာသို့လာသည့် ဒုဗိုလ်မှူးကြီး ဦးဆောင်သော အင်အား ၉၀ ခန့်ပါ စစ်ကြောင်းကို ခင်ဦး – ရွှေဘို မြို့နယ်အစပ်၌ PDF တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး နှင့် သုံးပွင့်ဗိုလ်အပါအဝင် စစ်သား အများအပြား သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ခင်ဦးမြို့နယ်က သတင်းထုတ်ပြန်ထားသည်။

” မနေ့(စက်တင်ဘာ၂၂ရက်)က ညတွင်းချင်းဓာတ်မီးတွေနဲ့ ဖုတ်ကုန်းပျူရွာကနေ အလောင်းတွေ လာကောက်ပြီး ပစ္စည်းတွေဆွဲထုတ်သွားသေးတယ်ဗျ။ မြေမြှုပ်ခဲ့တာတော့ အလောင်း ၇လောင်းပဲဗျ။ ညကဖုတ်ကုန်းက လှည်း ၃စီးနဲ့ အလောင်းတွေလာတင်တာတော့သိရတယ်ဗျ။ ‌သေဆုံးအတိအကျတော့ မသိရသေးဘူးဗျ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-ခင်ဦးမြို့နယ်မှ တပ်ဖွဲ့ဝင်တစ်ဦးက စက်တင်ဘာ၂၃ရက်ညတွင် MPA သို့ပြောသည်။

စစ်သား အလောင်း ၇လောင်းကို စက်တင်ဘာ ၂၃ရက်က နယ်မြေရှင်းလင်းရေးလုပ်စဉ် တော်လှန်ရေးရဲဘော်များက မြေမြှုပ်ပေးခဲ့ကြောင်း သိရသည်။

” ဒီနေ့(စက်တင်ဘာ၂၃ရက်)ရှင်းလင်းရေးဝင်လုပ်တော့ သူတို့နယ်မြေအချုပ်စပ်မှာ ကင်းဝပ်နေတာ တော့ရှိပါတယ်။ တတ်တော့မလာပါဘူးဗျ” ဟု ၎င်းက စက်တင်ဘာ၂၃ရက်ညတွင်ပြောသည်။

ယင်းတိုက်ပွဲအတွင်း ဒုဗိုလ်မှူးကြီးအဆင့် သေဆုံးသည်ကို ၎င်းနှင့်ဆက်စပ်သည့် ပစ္စည်းများနှင့် ဖမ်းဆီရမိသည့် သုံ့ပန်းများ၏ ထွက်ဆိုချက်အရ အတည်ပြုနိုင်ကြောင်းသိရသည်။

ယင်းတိုက်ပွဲတွင် စစ်သားနှစ်ဦးကို PDFတို့က အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် ဖုတ်ကုန်းပျူရွာသည် တစ်မိုင်ခွဲဝန်းကျင်သာကွာဝေးကြောင်း သိရသည်။

စစ်သားများ သေဆုံးမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။