By MPA
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် စစ်ကူလာသည့်အဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးခရိုင်စစ်ဌာနက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မကွေးတိုင်းစစ်ဌာနက ဇွန်လ ၃၀ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က ချောက်မြို့နယ် အခြေစိုက် ခလရ (၁၃) မှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဇောင်းတောကန်ကျေးရွာအနီးတွင် မကွေးခရိုင်စစ်ဌာနစုဖွဲ့မှုစစ်ကြောင်းက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ရန်သူ့တိုက်ခိုက်ရေးဒရုန်းတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၆ ရက်နေ့တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် လေးပင်ကုန်းကျေးရွာသို့ စစ်ကြောင်း ၃ ကြောင်းခွဲ၍ ရင်ဘောင်တန်းဝင်ရောက်စီးနင်းစဉ် PDF တပ်ဖွဲ့များက နင်းမိုင်း၊ တိုက်မိုင်းများဖြင့် ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး၊ ဇွန်လ ၂၇ ရက်နေ့တွင်လည်း ပဒေသာနင်းမိုင်း ၅ လုံးဖြင့် ထပ်မံတိုက်ခိုက်ခံရသဖြင့် အပြင်းအထန် ထိခိုက်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီစစ်ကြောင်းအား စစ်ကူပေးရန် ဇွန်လ ၂၇ ရက်နေ့၌ မြေနီလိန်ကျေးရွာဘက်မှ အိမ်စီးကား ၁ စီး၊ ဆိုင်ကယ် ၇ စီးတို့ဖြင့် ထွက်ခွာလာသော အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို မကွေးခရိုင်စစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များက ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး ထပ်မံသေဆုံးခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း PDF က ဆိုသည်။
MA-1 သေနတ် (၁) လက်၊ MA-4 သေနတ် (၁) လက်၊ ၅.၅၆ ကျည် (၅၇၇) တောင့် နှင့် ကျည်ဘောက် (၆) ခု၊60MM ဗုံးသီး (၅) လုံး၊ 40MM ဗုံးသီး (၂) လုံး ၊အီကွေ့မန် (၂) ခု၊ စစ်သုံးကျောပိုးအိတ် (၃) လုံး ၊စစ်ယူနီဖောင်း (၂) စုံ၊ စစ်သုံးရေဗူး (၁) ဗူး၊မှတ်စုစာအုပ် (၅) အုပ် နှင့် လက်ကိုင်ဖုန်း (၁၀) လုံး တို့သိမ်းဆည်းရမိသည်။
