ပါတီရပ်တည်နိုင်ရေးအတွက် အိမ်ဖြည့်ဝင်ပြိုင်မည်ဟု အများက ထင်ထားကြသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)မှာ အမတ်လောင်း ဒုတိယအများဆုံး တင်သွင်းထားကြောင်း သိရသည်။
တစ်သီးပုဂ္ဂလများ အပါအဝင် နိုင်ငံရေးပါတီ၅၇ပါတီတို့က စုစုပေါင်း အမတ်လောင်း ၄၉၆၃ဦး တရားမဝင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့ကြရာ စစ်အုပ်စုဝင် ပြည်ခိုင်ဖြိုး ပါတီ က ၁၀၁၈ဦးနှင့် အများဆုံးဖြစ်ပြီး တစညပါတီက ၆၉၄ဦးဖြင့် ဒုတိယအများဆုံး ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်၏ စက်တင်ဘာ၂၃ရက်ည ထုတ်ပြန်ချက်အရ သိရသည်။
“အမှန်ပဲ။တစညဆိုတာ နိုင်ငံရေးသွေးဆုံးနေပြီလို့ တော်တော်များများက ယူဆထားကြတာ။၂၀၂၀ တုန်းကလည်း တစ်နေရာမှာ မနိုင်ခဲ့ဘူး။မြို့တွေမှာ တစညပါတီ ဆိုင်းဘုတ်ရှိရင်တောင် ဆိုင်းဘုတ် ပဲရှိတော့တယ်လို့ အများက ထင်ထားကြတာ”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ် ဦးက MPAသို့ပြောသည်။
တစ်နိုင်ငံလုံးတွင် တရားမဝင်ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီမှာအမတ်လောင်း ၆၇၂ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ( ကျားဖြူ)က ၅၈၄ဦး၊ ပြည်သူ့ပါတီက ၅၁၂ဦး၊မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီက၄၂၈ ဦး၊တိုင်းနှင့်ပြည်နယ်တစ်ခုခု အတွင်းအခြေပြုမည့် ၅၁ပါတီက အမတ်လောင်း၉၆၀နှင့် တစ်သီးပုဂ္ဂလ ၉၅ဦးတို့ စာရင်းတင် ထားကြောင်း သိရသည်။
တစညပါတီနှင့် ပတ်သက်ပြီး မန္တလေးနန်းတွင်းထောင်ထဲ၌ ကျခံခဲ့ဖူးသည့် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးကလည်း “သေချာတာက ဘာရုပ်မှမပေါက်တဲ့ တစညပါတီကနေ ဘယ်သူကမှ အ မတ်လောင်းလုပ်ချင်ပါတယ်ဆိုပြီး ကမ်းလှမ်းမှာမဟုတ်ဘူး။ဘယ်သူမှလည်း ပိုက်ဆံစိုက်ထုတ်ပြီး ဝင်မှာလည်း မဟုတ်ဘူး။ဘယ်ပြည်သူမှလည်း တစည ကို လှူမှာမဟုတ်ဘူး။ဆိုတော့ ဒီလောက် အမတ်လောင်းတွေ ဝင်ပြိုင်ဖို့ ရွေးကောက်ပွဲစရိတ် ဘယ်ကရသလဲ။ကျနော့်စိတ်ထင် အရင်မဆလ ပါတီ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ကနေ တစညအဖြစ် နာမည်ပြောင်းကတည်းက ပါတီရန်ပုံ ငွေဆိုပြီး သုံးမကုန်အောင် ပါလာတာများလားပဲ”ဟု ဆိုသည်။
တစညပါတီသည် ရှစ်လေးလုံးအရေးတော်ပုံကြီးက ဖယ်ရှားပစ်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို အမည်ပြောင်းထားခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ၆ခုအနက် ပြည်ခိုင်ဖြိုးပါတီသာလျှင် ၂၀၂၀ရွေး ကောက်ပွဲ၌ နေရာအနည်းငယ် အနိုင်ရခဲ့ဖူးသည်။
“နှစ်ဝါတစ်နီ ကိုကိုကြီး(ပြည်သူ့ပါတီ)က အခုမှ လာမောက်မာပြနေတာ။သူလည်း ၂၀၂၀တုန်းက တစ်နေရာမှ မနိုင် ခဲ့ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
နှစ်ဝါတစ်နီ ဆိုသည်မှာ ပြည်သူ့ပါတီ၏အလံ အဝါရောင်နှစ်ခုနှင့် အနီရောင်တစ်ခုကို ဆိုလိုခြင်းဖြစ် သည်။
အမတ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စိစစ်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် တရားမဝင်ရွေးကောက်ပွဲ အပိုင်းတစ် အဖြစ် လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း မဲဆန္ဒနယ် (၇၁၂) နယ်၌ ပြုလုပ်သွားမည်ဟု သိရသည်။
