၄ လအတွင်း မြန်မာ ၇ သိန်းနီးပါး ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်လာဟုဆို

ဓာတ်ပုံ- Khaosod English

၂၀၂၆ခုနှစ် ပထမ ၄ လအတွင်း မြန်မာနိုင်ငံသား ၇သိန်းနီးပါး ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်လာကြောင်း သိရသည်။

ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ဖြစ်သော IOM ၏ ထုတ်ပြန်ချက်ကို ကိုးကားကာ ထိုင်းသတင်းဌာန Khaosod က အထက်ပါအတိုင်း ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ၊ မဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် မြန်မာပြည်သူများသည် ဘေးကင်းလုံခြုံမှုနှင့် ပိုမိုကောင်းမွန် သော အခွင့်အလမ်းများကို ရှာဖွေရန်အတွက် နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေကြခြင်းဖြစ်ကြောင်း IOM က ဆိုသည်။

“ကျနော်တို့ နားလည်ထားတာကတော့ မြန်မာလူငယ်တွေ နိုင်ငံခြားကို အဓိကထွက်ခွာရခြင်းအ ကြောင်းရင်းကတော့ စစ်မှုထမ်းပြဿနာကြောင့်ပါပဲ။ဘယ်သူမှ စစ်မှုမထမ်းလိုကြဘူး။ စစ်မှုထမ်း ပါသွားတယ်ဆိုတာ သေစာရင်းထဲ ပါသွားသလိုပဲလို့ အားလုံးက နားလည်ထားကြတော့ လွတ်ရာ လွတ်ကြောင်း ပြေးကြတာပဲ”ဟု မဲဆောက်မြို့အခြေစိုက် ၂၀၂၀ရွေးကောက်ခံ NLDအမတ်တစ်ဦးက MPAသို့ပြောသည်။

စစ်အုပ်စု၏ ပြည်ပထွက်ခွာခွင့် ပိတ်ပင်မှုများကြောင့် မြန်မာလူငယ်များသည် ပြည်ပနိုင်ငံများသို့ တရားမဝင် ဝင်ရောက်ကြရခြင်းဖြစ်ကြောင်း သိရသည်။

“အောက်လမ်းကဝင်တယ်။ ထိုင်းရောက်မှပဲ တရားဝင် လက်မှတ်တစ်ခုခုလျှောက်ထားပြီးတော့ အလုပ်ရဖို့ ကြိုးစားကြတယ်။ကံဆိုးပြီး အောက်လမ်းက ဝင်တဲ့အချိန် အဖမ်းခံရပြီး မြန်မာနိုင်ငံထဲ ပြန်ပို့ခံရရင်တော့ စစ်တပ်က စစ်မှုထမ်းထဲထည့်တာ ခံရတာပဲ”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရကာ စစ်မှုထမ်း ထဲသို့ အဓမ္မသွတ်သွင်းခံရသူများစွာ ရှိနေကြောင်း ၎င်းက ပြောသည်။