ပြည်သူ့အာဏာကို မတရားသိမ်းယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ အာဏာတည်မြဲရေးနှင့် တရုတ်အစိုးရ၏ ထောက်ခံမှုရရှိရေးအတွက် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် အသည်းအသန် ကြိုးပမ်းလျက်ရှိသည်။
ယခုအခါ မြစ်ဆုံစီမံကိန်းအပေါ် ပြည်သူလူထုဘက်မှ ထောက်ခံမှုရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် လျှပ်စစ်မီးကို တမင်တကာ အချိန်ပိုင်းသာ ပေးရန် အထက်မှ ညွှန်ကြားထားကြောင်း လျှပ်စစ်ရုံး (EPC) နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
“မြစ်ဆုံစီမံကိန်းကို ပြည်သူတွေ ထောက်ခံအောင် ဒီလကစပြီး မီးကို အချိန်ပိုင်းပဲ ပေးရမယ်လို့ အထက်က အမိန့်ရထားတယ်လို့ EPC က အသိတစ်ယောက်က ပြောပြတယ်။ အခုမှပဲ မီးတွေ လာလိုက်ပျက်လိုက် ဖြစ်နေရတဲ့ အကြောင်းရင်းအမှန်ကို သိတော့တယ်” ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှ မြို့ခံတစ်ဦးက ဖွင့်ချလာသည်။
တစ်ဖက်တွင်လည်း စစ်ကော်မရှင်ဘက်မှ လျှပ်စစ်မီး မှန်မှန်ပေးမည်ဟု ကြွေးကြော်ခဲ့သည့် ‘ရက် ၁၀၀ စီမံကိန်း’ မှာ ရက်ပေါင်း ၆၀ ပင် အနိုင်နိုင်မခံဘဲ ပြိုလဲသွားခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် မီးပြန်ပြတ်ချိန် စိပ်လာခြင်းကြောင့် ပြည်သူများ အကြီးအကျယ် ဒုက္ခရောက်နေကြရသည်။
အဆိုပါအခြေအနေနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံတစ်ဦးကလည်း “၂ လလောက်ပဲ မီးက မှန်လိုက်သေးတယ်။ စစ်တပ်ရဲ့ဗီဇက ပြည်သူတွေကို ဒုက္ခပေးဖို့ပဲ အမြဲကြည့်တာ။ ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူး” ဟု ဝေဖန်ပြောဆိုသည်။
စစ်ကော်မရှင်သည် လူထုကို မီးပြတ်အောင်လုပ်ပြီး မီးလိုချင်လျှင် မြစ်ဆုံစီမံကိန်းကို ခွင့်ပြုဆိုသည့် ပုံစံမျိုးဖြင့် ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပြောင်းရန် ကြိုးပမ်းနေသော်လည်း၊ မြစ်ဆုံစီမံကိန်း၏ မြေပြင် အချက်အလက်များမှာ စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေသည်။
ဓာတ်အားခွဲဝေမှု မမျှတခြင်းမရှိဘဲ စီမံကိန်းမှ စုစုပေါင်း မဂ္ဂါဝတ် ၆,၀၀၀ ထွက်ရှိမည်ဖြစ်သော်လည်း ယင်းလျှပ်စစ်ဓာတ်အား၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံဘက်သို့ တိုက်ရိုက်ပို့လွှတ်မည်ဖြစ်ပြီး မြန်မာပြည်သူများအတွက်မူ ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိမည်ဖြစ်သည်။
မြေပြင်ထိခိုက်နစ်မြုပ်မှုအခြေအနေမှာလည်း စင်ကာပူနိုင်ငံနီးပါး ကျယ်ဝန်းသည့် ကချင်ပြည်နယ်အတွင်းရှိ မြေဧရိယာ စတုရန်းမိုင်ပေါင်း ၂၇၀ ခန့် ရေအောက်နစ်မြုပ်နိုင်ပြီး ဒေသခံကချင်ပြည်သူ သောင်းချီ အိုးအိမ်စွန့်ခွာရမည့်အပြင် ဧရာဝတီမြစ်ကြီး၏ ရေစီးကြောင်း ပြတ်တောက်သွားနိုင်သည့် အန္တရာယ်ကြီး ရှိနေသည်။
စစ်ခေါင်းဆောင်သည် ၎င်း၏ အာဏာဆက်လက်တည်မြဲရေးအတွက် ကချင်ဒေသခံများ၏ ဘဝနှင့် ဧရာဝတီမြစ်ကြီး ပျက်သုဉ်းမည့်အရေးကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ တရုတ်အစိုးရထံ စီမံကိန်း ဝကွက်အပ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ထို့ကြောင့် လျှပ်စစ်မီးကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ပြီး ပြည်သူကို နှိပ်စက်ကာ မြစ်ဆုံစီမံကိန်းကို အသုံးချရန် ကြံစည်နေသည့် စစ်ကော်မရှင်၏ လုပ်ရပ်များကို ပြည်သူအများက ဝေဖန်ပြောနေကြသည်။
