တော်လှန်ရေးအင်အားစုများ စောင့်ကြည့်နေသော သထုံနှင့် ကျိုက်ထိုမြို့နယ်တို့တွင် တရားမဝင် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ ပေါ်ပေါ်ထင်ထင် အသံမထွက်ရဲသေးကြောင်း သိရသည်။
တော်လှန်ရေးအင်အားစု စိုးမိုးထိန်းချုပ်နယ်မြေ ရာခိုင်နှုန်း၄၀ခန့်စီရှိသော မွန်ပြည်နယ်၊သထုံနှင့်ကျိုက်ထိုမြို့နယ်တို့တွင် ဒီဇင်လာ၂၈ရက်၌ တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်မည်ဟု စစ် ကော်မရှင်က ကြေညာထားပြီး နိုင်ငံရေးပါတီအချို့က အစည်းအဝေးလုပ်ခြင်းများ သာရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်၂၇ စစ်ဗျူ ဟာနှင့် တပ်မဟာ ၁ PDFတာဝန်ခံ ရဲဘော်အေးမင်းထွန်းက ပြောသည်။
“ကျိုက်ထိုမြို့ပေါ် ကြံ့ဖွတ်(ပြည်ခိုင်ဖြိုး)ရုံးမှာ အစည်းအဝေးလုပ်တာရှိတယ်။အဲဒီအစည်းအဝေးကို တစည(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)လည်းတက်တယ်။သထုံမှာလည်း အစည်းအဝေး လုပ်တာတွေလုပ်တယ်။ရွေးကောက်ပွဲအတွက်ပေါ့။ကိုယ်စားလှယ်တွေ ရွေးချယ်ထားတာတွေလည်း သူတို့ရှိတယ်ပေါ့နော်။ကျနော်တို့ စာရင်းအတိအကျတော့ မရသေးဘူး။မကြာခင် ကျနော်တို့ဆီ စာ ရင်းရောက်လာမှာပါ”ဟု ရဲဘော်အေးမင်းထွန်းက MPAသို့ပြောသည်။
ကျိုက်ထိုမြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင် စက်တင်ဘာ၁၁ရက်က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အစည်း အဝေးပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီမှ ဌေးလွင်၊ မြင့်လွင်၊ မြင့်ဆွေ၊ကျော်သူရလှိုင်နှင့် တစညပါတီမှ တင်ရီနှင့် အောင်မင်းစိန်တို့ တက်ရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“သူတို့လည်း ခြေသံလုံလုံနှင့် လုပ်နေတယ်နဲ့တူပါတယ်။အပြင်မပေါက်ကြားအောင်ပေါ့။ပြီးမှပဲ ဘွားခနဲ ပေါ်လာမယ့်ဟာမျိုးပေါ့နော်။အဲဒါမျိုး သူတို့လုပ်နေတယ်”ဟု ၎င်းက ဆက်လက်ပြော သည်။
သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေ ပြည်သူတစ်ဦးနှင့် ကျိုက်ထိုမြို့ဘူတာအနီးနေ ပြည်သူတစ်ဦးတို့က မြို့နှစ်မြို့စလုံးတွင် ပါတီများ လှုပ်လှုပ်ရှားရှားမရှိသေးသလို ကျေးရွာများတွင်လည်း ရွေးကောက်ပွဲ ကိစ္စ သွားရောက်ဆောင်ရွက်ခြင်းမျိုး မကြားမိသေးကြောင်း ဆိုသည်။
“ရွာတွေဘက်ဆင်းရင်တောင် မြို့နားက ရွာတွေလောက် လုံခြုံရေးအစောင့်အရှောက်နဲ့ ဆင်းချင် ဆင်းလို့ရမယ်။ဒါတောင် စိတ်ငြိမ်ဆေးလေးဘာလေးသောက်ပြီး ဆင်းရမှာ။ကျန်တဲ့မြို့နဲ့ဝေးဝေး ရွာတွေဘက်ဆင်းရင် PDFတွေက သနားညှာတာနေမှာ မဟုတ်ဘူး”ဟု သထုံမြို့၊ဘင်လှိုင်ရပ်ကွက် သားတစ်ဦးက ပြောသည်။
သထုံမြို့၊မြသပိတ်တောင်၏ အရှေ့ခြမ်းကို တော်လှန်ရေးတပ်များက စိုးမိုးထားပြီး မြသပိတ်တောင် အနောက်ခြမ်းကို စစ်ကော်မရှင်က ထိန်းချုပ်ထားကာ သထုံမြို့တွင်းရှိ တရားမဝင်နိုင်ငံရေးပါတီများ လှုပ်ရှားမှုရှိ၊မရှိ မျက်ခြေမပြတ်စောင့်ကြည့်နေကြောင်း သထုံမြို့ပြအထူး ပြောက်ကျားအဖွဲ့ တာဝန်ခံ ရဲဘော်သုည က MPAသို့ ပြောကြားထားသည်။
“ကျနော်တို့အနေနဲ့ကလည်း အကြမ်းဖက်စစ်ကောင်စီလုပ်မယ့် တရားမဝင်တဲ့ ရွေးကောက်ပွဲကို ERO နဲ့ ပူးပေါင်းပြီးတိုက်ဖျက်သွားမယ်”ဟု ရဲဘော်အေးမင်းထွန်းက ပြောသည်။
ကေအဲန်ယူ၊ ဒူးသထူခရိုင်(သထုံခရိုင်)က အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သော သက်ဆိုင်သူများ၏ စုပေါင်းခေါင်းဆောင်မှုဖြင့် တစ်ခုတည်းသောအင်အားစု ဖွဲ့ စည်းကာ စစ်ကော်မရှင် အတုအယောင်ရွေးကောက်ပွဲအား တိုက်ဖျက်ချေမှုန်းသွားမည်ဟု စက် တင်ဘာ၂၀ရက်က ထုတ်ပြန်ထားသည်။
သထုံမြို့တွင် ပြည်ခိုင်ဖြိုးပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ပါတီ၊ပြည်သူ့ရှေ့ ဆောင်ပါတီ၊ကရင်ပြည်သူ့ပါတီနှင့် ပအို့ဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ရုံးများရှိပြီး ကျိုက်ထို မြို့တွင်လည်း ပါတီ၅ခုဝန်းကျင်၏ ရုံးများရှိကြောင်း သိရသည်။
တရားမဝင်ရွေးကောက်ပွဲအပိုင်း၁ကို မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ကျိုက်မရော၊ချောင်းဆုံ၊မော်လ မြိုင်နှင့်သထုံမြို့နယ်တို့တွင် ဒီဇင်ဘာ၂၈ရက်၌ ပြုလုပ်သွားမည်ဟု သိရသည်။
