မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိတွင် သမ္မတ ရာထူးကို ရယူထားသည့် စစ်ခေါင်း မင်းအောင်လှိုင်၏ ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ သွားရောက်ခဲ့သော လာအိုနိုင်ငံခရီးစဉ်အပေါ် ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံရေးအကွက်ကို ပြတ်ပြတ်သားသား ဖတ်တတ်ရန်နှင့် စစ်ကော်မရှင်၏ တရားဝင်မှု အယောင်ပြထောင်ချောက်အတွင်း မကျရောက်စေရန် ထိုင်းပါလီမန်အမတ် ကဏ္ဍဝီ ဆစ်ဆန် (Kannavee Suebsang) က သတိပေးပြောကြားလိုက်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတရာထူးကို ရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း ၅ နိုင်ငံအနက် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ပြီးလျှင် လာအိုနိုင်ငံသို့ တတိယမြောက်နိုင်ငံအဖြစ် သွားရောက်ခဲ့ခြင်းဖြစ်ရာ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံသာ ကျန်ရှိတော့သည့်အတွက် ထိုင်းနိုင်ငံအနေဖြင့် အထူးသတိထားရန် လိုအပ်နေပြီဖြစ်သည်ဟု ကဏ္ဍဝီ ဆစ်ဆန်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
စစ်ကော်မရှင်သည် နိုင်ငံတကာခရီးစဉ်များနှင့် သံတမန်ရေးရာများကို အသုံးပြုကာ ၎င်းတို့ကိုယ်တိုင် အာဏာသိမ်းအစိုးရအဖြစ်မှ ကမ္ဘာက အသိအမှတ်ပြုသည့် ပုံမှန်အစိုးရတစ်ရပ် ဖြစ်လာစေရန် တရားဝင်မှု ကို တဖြည်းဖြည်းချင်း အဆင့်ဆင့် ပုံဖော်နေခြင်း ဖြစ်သည်ဟု ကဏ္ဍဝီ ဆစ်ဆန်က ဆိုသည်။
သို့သော် မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေမှာ ပုံမှန်အခြေအနေနှင့် များစွာကွာဝေးနေဆဲ ဖြစ်ပြီး၊ နိုင်ငံတစ်ဝန်းတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြင် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် အဓိကအတိုက်အခံပါတီဖြစ်သည့် NLD အပါအဝင် နိုင်ငံရေးအရ ဖယ်ကြဉ်ခံထားရသည့် အဖွဲ့အစည်းများစွာ ရှိနေကာ ၎င်းတို့အားလုံးသည် မြန်မာ့အနာဂတ်အတွက် စစ်မှန်သော အဓိကအစုအဖွဲ့များဖြစ်သည်ဟု ၎င်းက ဆက်လက်ရေးသားထားသည်။
ကမ္ဘာကြီးက မြန်မာစစ်တပ်တစ်ခုတည်းနှင့်ပဲ ဆက်ဆံပြီး အခြားအရေးပါသည့် အစုအဖွဲ့များကို မေ့လျော့ထားကာ ငြိမ်းချမ်းရေးညီမျှခြင်းကနေ ဖယ်ထုတ်ထားမည်ဆိုပါက ရလဒ်မှာ ငြိမ်းချမ်းရေး ဖြစ်မလာနိုင်ဘဲ ပိုမိုပြင်းထန်သည့် ထိပ်တိုက်တွေ့မှုများ၊ ပိုမိုရှည်ကြာသည့် စစ်ပွဲများနှင့် ပြည်သူများ ပိုမိုထိခိုက်ရုံသာ ရှိလိမ့်မည် ဖြစ်သည်ဟု ကဏ္ဍဝီ ဆစ်ဆန်က သုံးသပ်ထားသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၄၀၀ ကျော် ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေပြီး သမိုင်းကြောင်း၊ လူမျိုးစု၊ လူမှုရေး၊ စီးပွားရေးနှင့် လုံခြုံရေးအရ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေသောကြောင့် မြန်မာ့မတည်ငြိမ်မှုသည် မြန်မာ့ပြည်တွင်းရေးသက်သက်မဟုတ်ဘဲ ထိုင်းနိုင်ငံကို တိုက်ရိုက်သက်ရောက်နေကြောင်း၊ လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် ယာယီခိုလှုံရာစခန်းများတွင် စစ်ဘေးရှောင် ရှစ်သောင်းကျော် ရှိနေဆဲဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်တွင်လည်း ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ရှိနေသည့်အပြင် စီးပွားရေးအရလည်း ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ကုန်သွယ်ရေးစခန်းများအပေါ် များစွာမှီခိုနေရသဖြင့် တိုက်ပွဲများကျယ်ပြန့်လာပါက စီးပွားရေးသမားများ၊ အလုပ်သမားများနှင့် နယ်စပ်လူထုကို ချက်ချင်းထိခိုက်စေမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် မြန်မာ့အရေးတွင် ဘေးလူ သို့မဟုတ် စောင့်ကြည့်ရုံသက်သက် မဟုတ်ဘဲ၊ ပကတိအခြေအနေနှင့် လူသားချင်းစာနာမှုအခြေခံမူများပေါ်တွင် ရပ်တည်ကာ ငြိမ်းချမ်းရေးကို ဦးဆောင်မောင်းနှင်သူများ ဖြစ်သင့်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုင်းနိုင်ငံအနေဖြင့် စစ်ကော်မရှင်တစ်ခုတည်းကိုသာ အသိအမှတ်ပြုခြင်းဖြင့် တည်ငြိမ်မှုရလာမည်ဟု မယူဆသင့်ဘဲ၊ လက်နက်ကိုင်ထားသည့် ဘက်တစ်ဘက်တည်းအတွက်သာ တံခါးဖွင့်ပြီး လူထုအမြောက်အမြားကို တံခါးပိတ်ထားခြင်းဖြင့် စစ်မှန်သောငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ကြောင်း ကဏ္ဍဝီက သတိပေးထားသည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ခွင့်ရှိသော သံတမန်ရေးရာကို အစကတည်းက စနစ်တကျ အစပျိုးသင့်ပြီး စစ်တပ်၊ အတိုက်အခံပါတီများ၊ တိုင်းရင်းသားအဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူ့ကိုယ်စားလှယ်များ အားလုံးကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်လာနိုင်ရမည်ဖြစ်ကာ၊ မြန်မာ့ငြိမ်းချမ်းရေးသည် ဝေးလံသောကိစ္စမဟုတ်ဘဲ ထိုင်းနိုင်ငံ၏ လုံခြုံရေး၊ စီးပွားရေးနှင့် အနာဂတ်နှင့် တိုက်ရိုက်သက်ဆိုင်နေသောကြောင့် ထိုင်းနိုင်ငံအနေဖြင့် ယနေ့ နိုင်ငံရေးအကွက် မှားယွင်းရွှေ့မိပါက မနက်ဖြန်တွင် ပထမဆုံး အကျိုးဆက်ခံစားရမည့်သူ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သတိပေးထားသည်။
