7 July 2026 By MPA
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့တွင် တူရီးနှစ်ဦး အရက်အတူတူထိုင်သောက်နေစဉ် အမြည်းဖိုးကုန်ကျစရိတ်နှင့် ပတ်သက်၍ စကားများအငြင်းပွားရာမှ တူဖြစ်သူက ဦးလေးဖြစ်သူကို လောက်လေးခွအချွန်ဖြင့် ထိုးသတ်ခဲ့သည့် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လူသတ်မှုဖြစ်စဉ်သည် ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက ကျောက်တန်းမြို့၊ အနောက်ပိုင်းရပ်ကွက်၊ မှော်ဝန်းချောင်းဘေးရှိ ဦးလှဦးပိုင်ဆိုင်သော ပုစွန်ကန်စောင့်တဲ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းပုစွန်ကန်တွင် အတူတူလုပ်ကိုင်နေကြသည့် တူရီးနှစ်ဦးသည် တဲအတွင်း အရက်အတူသောက်နေကြစဉ် ယခုကဲ့သို့ လူသတ်မှုဖြစ်ပွားသည်အထိ စကားများခဲ့ကြခြင်း ဖြစ်သည်။
အရက်သောက်နေစဉ်အတွင်း အမြည်းစားသုံးမှုများပြားပြီး ကုန်ကျစရိတ်များ တက်လာခဲ့သောကြောင့် အသက် ၇၇ နှစ်အရွယ် ဦးလေးဖြစ်သူ ဦးကျော်မြသန်းက အသက် ၃၅ နှစ်အရွယ် တူဖြစ်သူ မောင်ပြည့်ဖြိုးအောင်ကို အမြည်းပဲ ထိုင်စားနေသည် ဟု ပြောဆိုခဲ့ရာမှ ပြဿနာစတင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ငယ်ကျိုးငယ်နာများ ဖော်ထုတ်ပြောဆိုကာ စကားများကြရာမှ ဒေါသအရှိန်မြင့်တက်လာပြီး တူဖြစ်သူ မောင်ပြည့်ဖြိုးအောင်က လောက်လေးခွအချွန်ဖြင့် ဦးလေးဖြစ်သူအား ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စိတ်မထိန်းနိုင်ဘဲ ထိုးသွင်းခဲ့မှုကြောင့် ဦးလေးဖြစ်သူ ဦးကျော်မြသန်းတွင် လည်ပင်း ဝဲ/ယာ၊ လည်ဇလုတ်၊ ဝမ်းဗိုက်နှင့် ပါးပြင်တို့၌ ထိုးသွင်းဒဏ်ရာ စုစုပေါင်း ၁၄ ချက်အထိ ပြင်းထန်စွာရရှိကာ သေဆုံးသွားခဲ့ရသည်။
လက်ရှိအချိန်တွင် ဦးလေးဖြစ်သူကို ထိုးသတ်ခဲ့သည့် တူဖြစ်သူ ပြည့်ဖြိုးအောင်ကို ကျောက်တန်းမြို့မရဲစခန်း၌ (ပ)၇၃/၂၀၂၆၊ အမှုကြီးအမှတ်စဉ် ၃/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်လှစ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
