အိတ်စပို့ ပစ္စည်း ထုတ်လုပ်မှု ခေါက်မုန့်လုပ်သလို မလွယ်ဟု လုပ်ငန်းရှင်ဆို

ဓာတ်ပုံ-MOI
ပုံစာ- လှိုင်သာယာ၊ရွှေလင်ပန်းစက်မှုဇုန် လုပ်သားများပုံ။

ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း သမ္မတတု မင်းအောင်လှိုင်က ဝန်ခံလိုက်သည်။

ဇူလိုင်၇ရက်က ပြုလုပ်သော ပြည်ထောင်စုအစိုးရတုအဖွဲ့အစည်းအဝေးတွင် သမ္မတတုမင်းအောင် လှိုင်က အထက်ပါအတိုင်း ဝန်ခံခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ဝင်ငွေနှင့် ထွက်ငွေ မျှတနေမှသာ ကုန်ဈေးနှုန်း ကြီးမှုကို အထိုင်အလျောက် လျှော့ချနိုင်မည်ဟုလည်း ဆိုသည်။

“မအလ က ပြည်တွင်းမှာ ကုန်ပစ္စည်းတွေ များများထုတ်၊ ပြီးရင် နိုင်ငံခြားကို များများပို့၊အဲဒီလိုနည်း နဲ့ နိုင်ငံခြားငွေများများရအောင်ရှာပေါ့။အဓိက ဝင်ငွေများများရအောင် စိတ်ကူးယဉ်ကြည့်တာပါ။သူ ပြောတာ မှားတော့ မမှားပါဘူး။ပြဿနာက လက်တွေ့ ဖော်ဆောင်ဖို့ကျတော့ အရင်းအနှီးမရှိဘူး။ နည်းပညာမရှိဘူး။ ကိုယ့်ပြည်တွင်းမှာ အရည်အသွေးကောင်းတဲ့ ကုန်ကြမ်းလည်း မရှိဘူး။အခု ထပ် ရင်ဆိုင်နေရတာက လုပ်သားအရင်းအမြစ်တွေပါ မရှိတော့တာပဲ”ဟု ရန်ကုန်အခြေစိုက် အီလက်ထ ရောနစ်လုပ်ငန်းရှင်တစ်ဦးက MPAသို့ပြောသည်။

NLDအစိုးရလက်ထက် ၅နှစ်တာ ဖွံ့ဖြိုးတိုးတက်မှုမှန်သမျှကို အာဏာသိမ်းစစ်အုပ်စုက ၅နှစ်မပြည့်မီ မှာပင် အလုံးစုံ ဖျက်ဆီးပစ်ခဲ့ရုံတင်မက လက်ရှိ တိုင်းပြည်စီးပွားရေးမှာ စစ်အစိုးရလက်ထက်အခြေ အနေအောက် များစွာ ကျဆင်းနေကြောင်း ၎င်းက ဆိုသည်။

“အခု ရန်ကုန်မှာ လက်ဖက်ရည်တစ်ခွက် ၃၅၀၀။ကျနော့်အလုပ်ထဲက အင်ဂျင်နီယာတွေ အာဏာမ သိမ်းခင်တုန်းက တစ်ပတ်မှာ ၃-၄ရက်လောက် ဘီယာဆိုင်ထိုင်နိုင်ကြတယ်။အခု နေ့စဉ်တောင် လက်ဖက်ရည်ဆိုင် မထိုင်နိုင်တော့ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားစေရေးအတွက် ဆောင်ရွက်ရန်မဖြစ်မနေလိုအပ်ပြီး ထုတ်ကုန် ပစ္စည်း တိုးတက်များပြားလာမှသာ ပို့ကုန်ပစ္စည်းများရရှိကာ ထိုမှတစ်ဆင့် ရရှိသည့် နိုင်ငံခြားငွေ များဖြင့် သွင်းကုန်များ တင်သွင်းနိုင်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောကြားသေးသည်။

“အခု စစ်ဖြစ်နေလို့ နာမည်ကြီးတဲ့ စိန်တလုံးသရက်တောင် တရုတ်ကို နည်းနည်းပဲ ပို့နိုင်တော့တယ်။ စပါးဆိုလည်း ကျနော်တို့အညာဘက်မှာ စစ်ဖြစ်နေတော့ စိုက်လို့ရတဲ့နေရာကနည်းလာတယ်။ စိုက် ထားတဲ့စပါးကိုလည်း စစ်ကြောင်းဝင်ရင် ဖျက်ဆီးတယ်ဆိုတော့ ပြည်ပပို့ဖို့မပြောနဲ့ ကိုယ့်ဟာကိုယ် တောင် လောက်ဌဖို့ အနိုင်နိုင်ဖြစ်လာတယ်။သွင်းကုန်လိုင်စင်တွေလည်း ချမပေးတော့ လှိုင်သာယာ မှာ ကုန်ကြမ်းမရှိလို့ ရပ်ထားတဲ့စက်ရုံတွေ များလာတယ်”ဟု ရန်ကုန်မြို့ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်တစ်ဆိုင်မှ မန်နေဂျာတစ်ဦးက ပြောသည်။

ပြည်ပဈေးကွက်က လက်ခံနိုင်သည့် ကုန်ပစ္စည်း ထုတ်လုပ်နိုင်ရန်မှာ ခေါက်မုန့်လုပ်သလို မလွယ် ကြောင်း အီလက်ထရောနစ်လုပ်ငန်းရှင်က ပြောသည်။

အစိုးရတုသည် နိုင်ငံခြားဝင်ငွေနည်းပါးခြင်းနှင့် ရရှိလာသည့် နိုင်ငံခြားငွေများကို စစ်စရိတ်အတွက် သာ အဓိက သုံးနေသဖြင့် ပြည်ပသို့ နိုင်ငံခြားငွေ စီးဆင်းမှု လျော့ကျအောင် သွင်းကုန်လိုင်စင်ချမ ပေးခြင်းနည်းဖြင့် ကုစားနေကြောင်း သိရသည်။