၆ လအတွင်း ပြည်သူ့ရင်ခွင်ဝင်လာသူနှင့် အညံ့ခံစစ်သား ၁၁၀၀ ကျော်ရှိ

ယခုနှစ် ၆လတာအတွင်း အလင်းဝင်၊ လက်နက်ချနှင့် စစ်သုံ့ပန်းဖမ်းဆီးရမိမှု စုစုပေါင်း ၁၁၀၁ဦးရှိ ကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၂၆ခုနှစ်၊ဇန်နဝါရီမှ ဇွန်လအထိ အလင်းဝင် ၂၃၇ဦး၊ လက်နက်ချ ၁၄၇ဦးနှင့် စစ်သုံ့ပန်းဖမ်းဆီး ရမိမှု ၇၁၇ဦးရှိကြောင်း သိရသည်။

“အလင်းဝင်တဲ့ အရေအတွက်က အခု၆လအတွင်း အရမ်းနည်းလွန်းပါတယ်။ကျနော်တို့ အကြမ်းဖျင်း တွက်ကြည့်ရင် စစ်မှုထမ်းဆင်းက တစ်လကို လူ၅၀၀၀ ရှိတယ်။၆လဆိုတော့ ၃သောင်း။ ၃သောင်း မှာ အလင်းဝင်တာ ၂၃၇ဦးပဲရှိတယ်။ပစ(စစ်မှုထမ်းတပ်သား)ရဲ့ ၉၈ရာခိုင်နှုန်းကျော်က စစ်တပ်ထဲ မ ရောက်ချင်ဘဲ ရောက်ရတဲ့သူတွေ။ တိုက်ပွဲမှာ ရှေ့ကနေ အသေခံရတာလည်း သူတို့ပဲ။အဲဒါတောင် အလင်းဝင်တာ ဘာလို့ နည်းရတာလဲ။တော်လှန်ရေးခေါင်းဆောင်တွေ အဖြေရှာသင့်တယ်”ဟု CDM အရာရှိတစ်ဦးက MPAသို့ပြောသည်။

လစဉ် အလင်းဝင်၊လက်နက်ချနှင့် စစ်သုံ့ပန်းရမိမှုတွင် ဇွန်လသည် အများဆုံးဖြစ်ပြီး ၄၆၇ဦးရှိကာ ဒု တိယအများဆုံးမှာ ဖေဖေါ်ဝါရီဖြစ်ကာ အယောက်၂၀၀ ရှိကြောင်း ပြည်သူ့ပန်းတိုင်က ဆိုသည်။

စစ်သုံ့ပန်းဖမ်းဆီးရမိမှုတွင်လည်း ဇွန်လသည်အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးလမှာ ဖေဖေါ်ဝါရီ လဖြစ်ကာ စစ်သုံ့ပန်းအဖြစ် စစ်သားများကိုသာ အများဆုံးဖမ်းဆီးရမိကြောင်း သိရသည်။

လက်နက်ချမှု အများဆုံးမှာလည်း စစ်သားများဖြစ်ပြီး ဇွန်လအတွင်း လက်နက်ချစုစုပေါင်း ၁၂၀ စလုံးမှာ စစ်သားများဖြစ်သည်။

၂၀၂၅ခုနှစ်အတွင်း အလင်းဝင်၊လက်နက်ချနှင့် စစ်သုံ့ပန်း ဖမ်းဆီးရရှိမှု စုစုပေါင်း ၂၅၇၈ဦးရှိကြောင်း ပြည်သူ့ ပန်းတိုင်က ထုတ်ပြန်ထားသည်။