မန္တလေးအိုးဘိုထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၅ ဦးထက်မနည်း ရိုက်နှက်ခြင်းခံရပြီး ၃ ဦး တိုက်ပိတ်ခံရ

ဓာတ်ပုံ-လူမှုကွန်ရက်

မန္တလေးအိုးဘိုဗဟိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ ပါဆယ်ပစ္စည်းများကို ထောင်အာဏာပိုင်များက အတင်းအဓမ္မလုယူဖျက်ဆီးခဲ့ရာမှတစ်ဆင့် အကျဉ်းသားများနှင့် အငြင်းပွားမှုဖြစ်ပွားပြီး နိုင်ငံရေးအကျဉ်းသား ၁၅ ဦးထက်မနည်း ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းခံခဲ့ရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး ) က ယနေ့( ဇူလိုင်လ ၁၀ ရက်) တွင် ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂ ရက်နေ့က အိုးဘိုထောင် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများ ရှိရာ အိပ်ဆောင်များအတွင်း ဝင်ရောက်ကာ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကို အတင်းအဓမ္မ သိမ်းဆည်းဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလုပ်ရပ်အပေါ် နိုင်ငံရေးအကျဉ်းသားများက မကျေနပ်သဖြင့် ကန့်ကွက်ထောက်ပြခဲ့ရာ ထောင်ဝန်ထမ်းများက စစ်ကြောရေးစတိုင်အတိုင်း လက်သီးဖြင့်ထိုးခြင်းနှင့် ရိုက်နှက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များ၏ ပြောပြချက်ကို ကိုးကားပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး )က ထုတ်ပြန်ထားသည်။

အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကို ဦးဆောင်ဆန့်ကျင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ထောင်အာဏာပိုင်များက ၅ လကြာ တိုက်ပိတ်အပြစ်ပေးခဲ့ပြီး ကျန်ရှိသည့် အကျဉ်းသားများကိုမူ အခန်းပြောင်းရွှေ့ကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အခန်းပြောင်းရွှေ့ခံရသူများကို ထောင်အရာရှိများက ခေါ်ယူကာ နောက်နောင်တွင် ဆူပူမှုမလုပ်ရန် ဖိအားပေးစည်းရုံးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများက ထောင်၏ မတရားသော လုပ်ရပ်များကို လက်မခံဘဲ ပြန်လည်ပြောဆိုခဲ့သဖြင့် ထောင်ဝန်ထမ်းများက နောက်ထပ်တစ်ကြိမ် ထပ်မံရိုက်နှက်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အကြမ်းဖက်ရှာဖွေမှုနှင့် ရိုက်နှက်မှုများသည် အခြားသော ရာဇဝတ်အကျဉ်းသားများအပေါ် ပြုလုပ်ခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသားများကိုသာ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ပစ်မှတ်ထား ဖိနှိပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အိုးဘိုထောင်အတွင်း ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေမှာလည်း အလွန်စိုးရွားလျက် ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များကို ကျူးလွန်ထားသည့် မန္တလေး အိုးဘိုထောင်အာဏာပိုင်များ၏ ဗြောင်ကျကျ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထောင်တွင်းအကြမ်းဖက်မှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။