မောတောင်ဒေသတွင် တိုက်ပွဲဝင်ရန် အသင့်ဖြစ်ပြီဟု BLACK COBRA စစ်ကြောင်း ကြွေးကြော်

ဓာတ်ပုံ-BLACK COBRA စစ်ကြောင်း ပုံစာ- ၂၀၂၄ခုနှစ်အတွင်း စစ်တပ်ခြေကုပ်စခန်းတစ်ခုကို သိမ်းပိုက်အောင်ပွဲခံခဲ့သော ရဲဘော်များ။

By MPA

တနင်္သာရီတိုင်း၊မောတောဒေသတွင် တိုက်ပွဲဝင်ရန် အသင့်အနေအထားရှိနေပြီဟု ကေအဲန်ယူလက် အောက်ခံ BLACK COBRA စစ်ကြောင်းက ကြွေးကြော်လိုက်သည်။

ကာလရှည်ခုခံစစ်အတွင်း စစ်ပမ်းခဲ့သော BLACK COBRA စစ်ကြောင်းသည် ရဲဘော်များကို အနား ပေးခြင်းနှင့် လိုအပ်သော မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဒေသတွင်း ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် မောတောင်မြို့အဝင် (နကသဂိတ်) မှ အမှတ် ၉ ကျေးရွာအထိ ကုန်ကားများ ဖြတ်သန်း သွားလာခြင်းကို ခွင့်မပြုတော့ကြောင်းနှင့် သွားလာရန်ရှိပါက အိမ်စီးကားနှင့် ဆိုင်ကယ်များဖြင့်သာ သွားလာကြရန်၊ ထုံခါးလမ်းဆုံမှ အမှတ် ၉ ကျေးရွာအထိ လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် မပြုသည့် အထူးတားမြစ်ဇုန်အဖြစ် သတ်မှတ် လိုက်ပြီး တားမြစ်ထားသော ဒေသအတွင်း ဖြတ်သန်းသွားလာပါက စစ်ရေးပစ်မှတ်နှင့် မှားယွင်း ထိခိုက်နိုင်သောကြောင့် တိကျစွာ လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် စစ်အုပ်စုကို သတင်းပေး သတင်းယူရှိသူများနှင့် အကူအညီ ပေးသူများအား စိစစ်ကာ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ပြီး စစ်အုပ်စုနှင့် ပတ်သက်သည့် လူ၊လက်နက်ခဲယမ်းနှင့် အခြားပစ္စည်းများ တင်ဆောင်လာသောကားနှင့် အခြားယာဥ်များအား စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်းလည်း ဆိုသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်နယ်စပ် စခန်းသို့ဦးတည်ကာ တနင်္သာရီ-မောတောင် ကား လမ်း ပြန်လည် စိုးမိုရေးအတွက် ထိုးစစ်ဆင်လာသော စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာမှ စတင်ကာ ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ ပူးပေါင်းတပ်အနေ နှင့် လူ၊ လက်နက်ခဲယမ်းနှင့် နည်းပညာ မမျှတသည့်ကြားကပင် စစ်အုပ်စုကို အချိန် ၁ နှစ်နှင့် ၄လ ကြာသည်အထိ ခုခံ တားဆီးနိုင်ရုံတင်မကဘဲ ၄င်းတို့ အခိုင်အမာ တပ်စွဲထားသော မောတောင်မြို့ အား တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၆ လကြာ ထိန်းချုပ်ထား နိုင်ခဲ့ ကြောင်း စစ်တပ်သည် ၂၀၂၆ခုနှစ်၊ ဧပြီမှ စတင်ကာ ဗျူဟာ ၂ခု နှင့် တပ်ရင်း ၁၁ ရင်း ပါဝင်သော အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုး စစ်ဆင်နွဲခြင်း၊ လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ဒရုန်း တိုက်ခိုက်ခြင်းတို့ အပြင်းအထန် ပြုလုပ်ခဲ့ရာ တော်လှန်ရေးတပ်များအနေဖြင့် ကာလရှည် ခုခံစစ်အတွင်း စစ်ပမ်းနေခြင်းနှင့် စစ်တပ် ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်နစ်နာမှု များပြားလာခြင်းတို့အရ မောတောင် မြို့နှင့် ထုံခါး-မောတောင် လမ်းမကြီးကို ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ခွာစစ်ဆင်ကာ ဆုတ်ခွာပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တစ်နှစ်ကျော်ကြာ ခုခံစစ်ကာလအတွင်း သေဆုံးစစ်သား ၅၀၀ ကျော်၊ဒဏ်ရာရ ၁၀၀၀ကျော်၊ ယင်းကာလအတွင်း ပြည်သူ့ ရင်ခွင်သို့ ဘက်ပြောင်း ခိုလှုံလာသော စစ်သား ၄၆ ဦးနှင့် ၄င်းတို့ ယူဆောင်လာသော လက်နက် ၃၇ လက်ရှိခဲ့ကာ မောတောင်မြို့သိမ်း တိုက်ပွဲကာလအတွင်း စစ်သုံ့ပန်း၅၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ခုခံစစ်ကာလအတွင်း တော်လှန်ရေး ရဲဘော် ၅၁ ဦး ကျဆုံးခဲ့ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ စွန့်လွတ်ပေးဆပ် ခဲ့ရသော ရဲဘော် ၁၃ ဦးနှင့် သာမန်ဒဏ်ရာရ ရဲဘော်များစွာလည်း ရှိခဲ့ ကြောင်း BLACK COBRA စစ်ကြောင်းက ထုတ်ပြန်ထားသည်။

BLACK COBRA စစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ၄၊ တပ်ရင်း၁၁ လက်အောက်ခံဖြစ်သည်။