By MPA
အာဏာသိမ်းစစ်တပ်၏ တရားမဝင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက ပြည်တွင်း၌ စားအုန်းဆီပြတ်လပ်ပြီး ဈေးနှုန်းများ အဆမတန်မြင့်တက်နေရခြင်းမှာ စစ်အုပ်စုတွင် နိုင်ငံခြားငွေပြတ်လပ်နေ၍ ဆီခွဲတမ်း (Quota) များ လျှော့ချလိုက်ရခြင်းဖြစ်သော်လည်း၊ ပြည်သူများ ဆီစားသုံးမှုများပြားပြီး ကျန်းမာရေးနှင့်မညီညွတ်သဖြင့် လျှော့ချရခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို အကြောင်းပြ၍ ဝါဒဖြန့်လှည့်စားပြောဆိုလာသည်။
ခိုင်ခိုင်စိုး၏ ပြောကြားချက်အရ ပြည်တွင်း၌ တစ်နှစ်လျှင် ဆီထွက်သီးနှံများမှ တန်ချိန် ၂ သိန်း ၈ သောင်းကျော် ထွက်ရှိပြီး မလောက်ငှသဖြင့် ပြည်ပမှတစ်နှစ်လျှင် စားအုန်းဆီတန်ချိန် ၆ သိန်း ၄ သောင်းကျော် တင်သွင်းနေရကြောင်း သိရသည်။
ထို့ကြောင့် စုစုပေါင်းဆီတန်ချိန် ၉ သိန်း ၂ သောင်းကျော်ကို လူဦးရေ ၅၁ သန်းနှင့် တွက်ချက်ပါက လူတစ်ဦးလျှင် တစ်နှစ်၌ ပျမ်းမျှ ၁၁ ပိဿာ စားသုံးနေကြခြင်းဖြစ်ကြောင်း ဆိုသည်။
“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြံပြုချက်အရ လူတစ်ဦးဟာ တစ်နှစ်ကို ၆ ပိဿာခွဲပဲ စားသင့်တာမို့ မြန်မာပြည်သူတွေဟာ လိုတာထက် ပိုစားနေကြပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေရရှိမှုအပေါ် မူတည်ပြီး ချင့်ချိန်ရတာကြောင့် ဆီ Quota ခွဲတမ်းတွေကို လျှော့ချလိုက်ရတာ ဖြစ်ပါတယ်” ဟု အာဏာသိမ်းစစ်တပ်၏ တရားမဝင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက ပြောသည်။
လက်ရှိတွင် စာအုပ်ရှိသူများကို ကျပ် ၇,၀၀၀ မှ ၉,၀၀၀ ကြားဖြင့် ရောင်းချပေးနေကာ ရန်ကုန်၌ တစ်ဦးလျှင် တစ်လလျှင် ၁ ပိဿာနှင့် ၂၄ ကျပ်သားနှုန်း ရောင်းချပေးနေကြောင်း စစ်အုပ်စုဘက်က ဆိုသော်လည်း မြေပြင်အခြေအနေတွင်မူ အာဏာသိမ်းစစ်တပ်က ဆီခွဲတမ်းအား ၆၀ ရာခိုင်နှုန်းအထိ အလုံးအရင်းဖြင့် ဖြတ်တောက်လျှော့ချလိုက်ခြင်းကြောင့် ပြည်သူများအကြား စိုးရိမ်ပူပန်မှုများမြင့်တက်ကာ ဆီပြတ်လပ်မှုများ ပြင်းထန်စွာဖြစ်ပွားနေသည်။
ရန်ကုန်မြို့ရှိ အချို့မြို့နယ်များတွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကို ဆီထုတ်ခွင့်စာအုပ်များပါ သိမ်းယူ၍ ဖြတ်တောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ယင်းသို့ ဖြတ်တောက်မှုများကြောင့် ပြည်သူများသည် ပြင်ပဈေးကွက်၌ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ အထိ အဆမတန်ပေးဆောင်၍ ဝယ်ယူနေရသည့်အပေါ် ခိုင်ခိုင်စိုးက ဝိသမလောဘသား ကုန်သည်များကြောင့်ဖြစ်ကြောင်း လက်ညှိုးထိုးပြစ်တင်ပြောဆိုခဲ့ပြီး စိစစ်မှုများပြုလုပ်နေကြောင်း ပြောကြားသည်။
ထို့ကြောင့် ရှေ့ဆက်၍ စားအုန်းဆီတင်သွင်းရောင်းချသူများကို ထပ်မံဖမ်းဆီးပြမည့် အခြေအနေများ ရှိနေသည်ဟု နားလည်ရသည်။
လက်တွေ့မြေပြင်တွင်မူ တိုင်းပြည်စီးပွားရေး ပျက်ကပ်ဆိုက်၍ နိုင်ငံခြားငွေပြတ်လပ်နေသည့် အချက်ကို ဖုံးကွယ်ရန်အတွက် ပြည်သူများ ဆီအစားများ၍ဖြစ်ကြောင်း စစ်အုပ်စုက ဗြောင်ကျကျ အပြစ်ပုံချနေခြင်းဖြစ်သည်။
နေ့စဉ်ဝမ်းရေးအတွက် ရုန်းကန်နေရသည့် ပြည်သူများ ဟင်းချက်ဆီတောင် ဝယ်ယူမစားသုံးနိုင်အောင် ဒုက္ခရောက်နေရခြင်းကို မျက်ကွယ်ပြု၍ ကျန်းမာရေးခေါင်းစဉ်တပ်ကာ ခွဲတမ်းလျှော့ချခြင်းမှာ ပြည်သူလူထုအပေါ် လှောင်ပြောင်သရော်ခြင်းသာ ဖြစ်သည်။
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ရေရှည်အတွက် ပြည်ပမှီခိုမှုလျှော့ချရန် ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့ရန် အမိန့်ပေးထားသည်ဟု ဆိုသော်လည်း မြေပြင်တွင် စစ်ပွဲများကြောင့် လယ်ယာမြေများ ပျက်စီးနေမှုကို ထည့်သွင်းပြောဆိုခြင်း မရှိပေ။
တကယ့်အမှန်တရားမှာမူ စစ်အုပ်စု၏ စီမံခန့်ခွဲမှုအလွဲများကြောင့် တိုင်းပြည်ဒေဝါလီခံရမည့် အခြေအနေသို့ ဆိုက်ရောက်နေပြီး၊ ပြည်သူများ၏ အခြေခံစားဝတ်နေရေးကိုပင် မဖြေရှင်းပေးနိုင်တော့ဘဲ ဖမ်းဆီးမှုများနှင့် လိမ်ညာမှုများကိုသာ အသုံးပြု၍ အချိန်ဆွဲနေခြင်းဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ထောက်ပြဝေဖန်လျက်ရှိကြောင်း သိရှိရသည်။
