ပြင်ဦးလွင်မြို့အနီးရှိ ရတနာပုံမြို့သစ် (ရတနာပုံဆိုက်ဘာစီးတီး) စီမံကိန်းဧရိယာအတွင်း မှီတင်းနေထိုင်ကြသည့် ဒေသခံပြည်သူများကို စည်းကမ်းနှင့်အညီ စိစစ်ဆောင်ရွက်ရန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့(ဇူလိုင် ၁၁ရက်)၎င်း၏ ပြင်ဦးလွင်ခရီးစဉ်အတွင်း အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်သည် စီမံကိန်းနယ်နိမိတ်အတွင်း နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့ကြသည့် ဒေသခံပြည်သူများကို ကျူးကျော်ဟု ခေါင်းစဉ်တပ်ကာ အိုးအိမ်ဖျက်ဆီး၍ အတင်းအဓမ္မ ဖယ်ရှားမောင်းထုတ်ရန် ပြတ်ပြတ်သားသား လမ်းခင်းလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ သားဖြစ်သူ အောင်ပြည့်စုံတို့သည် ကိုယ်ကျိုးစီးပွားအတွက် အဆိုပါ စီမံကိန်းကို အတင်းအကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ ဒေသခံများထံမှ မြေယာများကို အဓမ္မသိမ်းယူကာ ပြည်တွင်း၊ ပြည်ပကုမ္ပဏီများထံ ပြန်လည်ရောင်းစားရန် ရည်ရွယ်နေခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယခရီးစဉ်နှင့် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ တရုတ်ခရီးစဉ်များတွင် တရုတ်နှင့် အိန္ဒိယလုပ်ငန်းရှင်များကို တွေ့ဆုံကာ အခွန်ကင်းလွတ်ခွင့်၊ မြေယာငှားရမ်းခွင့်နှင့် လုပ်ငန်းလုပ်ပိုင်ခွင့်များ ပေးမည်ဟုဆိုကာ ရတနာပုံမြို့သစ်စီမံကိန်း၌ လာရောက်ရင်းနှီးမြှုပ်နှံကြရန် အသည်းအသန် ဖိတ်ခေါ်ခဲ့သည်။
သို့သော်လည်း စစ်အုပ်စု၏ ကတိပျက်ကွက်မှုများနှင့် လက်ရှိမြေပြင်အခြေအနေများကြောင့် ၎င်းတို့ ဘည်မျှပင် ဖိတ်ခေါ်စေကာမူ မည်သည့်ပြည်ပကုမ္ပဏီကမျှ လာရောက်ရင်းနှီးမြှုပ်နှံခြင်း မရှိသည့်အပြင် ပြည်တွင်းလုပ်ငန်းရှင်များကပါ လျစ်လျူရှုထားသဖြင့် လက်ရှိအချိန်အထိ စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) များကို ထပ်မံဖိတ်ခေါ်နေရသည့် အခြေအနေ ဖြစ်နေသည်။
သမိုင်းကြောင်းအရ အဆိုပါ ရတနာပုံမြို့သစ်စီမံကိန်းသည် ယခင်အာဏာရှင်ဟောင်း သန်းရွှေလက်ထက် ၂၀၀၆ ခုနှစ် ဇွန်လတွင် စတင်အကောင်အထည်ဖော်ခဲ့သော်လည်း မအောင်မြင်ဘဲ ရပ်ဆိုင်းသွားခဲ့သည်။ ယင်းနောက် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သော်လည်း အောင်မြင်မှုမရရှိဘဲ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း လုံးဝရပ်ဆိုင်းသွားခဲ့ပြီးသား ဖြစ်သည်။
“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာမှ မင်းအောင်လှိုင်က သူတို့သားအဖ စီးပွားရေးအကျိုးအမြတ်အတွက် ဒီသေနေတဲ့စီမံကိန်းအဟောင်းကြီးကို အတင်းပြန်ဖော်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စီမံကိန်းက ဘယ်သူမှ လာမရှုပ်ချင်လောက်အောင် ရှုံးနိမ့်နေတော့ မင်းအောင်လှိုင်က ဒါကို ဖုံးကွယ်ဖို့အတွက် သူ့ရဲ့ သမ္မတရာထူး အဆောင်အယောင်ကို အသုံးချပြီး ရတနာပုံတယ်လီပို့ အဆောက်အဦဆီအထိ လိုက်လံစစ်ဆေးပြကာ ဝါဒဖြန့် ပြဇာတ်ကပြသွားတာပဲ ဖြစ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
အဆိုပါ ခရီးစဉ်အတွင်း ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်နှင့် ပို့ဆောင်ရေးဝန်ကြီး ဦးမြထွန်းဦးတို့က စီမံကိန်းမြေကွက်များ ပြုပြင်နေမှု၊ အလုပ်မလုပ်သည့် ကုမ္ပဏီများကို စိစစ်နေမှုနှင့် အဆောက်အဦများ ငှားရမ်းရန် စီစဉ်နေမှုများကို မက်လုံးပေး တင်ပြခဲ့ကြသည်။
ထိုတင်ပြချက်များအပေါ် မင်းအောင်လှိုင်က စီမံကိန်းနယ်နိမိတ် ဧက ၃,၀၀၀ တစ်လျှောက်တွင် အမှတ်အသားများ စိုက်ထူရန်နှင့် ခွင့်ပြုချက်မရှိဘဲ အဆောက်အဦ ဆောက်လုပ်နေထိုင်သူများကို စည်းကမ်းအတိုင်း ဖယ်ရှားရန် ထပ်မံအတည်ပြု ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ရတနာပုံမြို့သစ်စီမံကိန်းသည် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ မည်သူမျှ ဝင်ရောက်လုပ်ကိုင်ခြင်းမရှိသည့် ရှုံးနိမ့်နေသော စီမံကိန်းဖြစ်သဖြင့် မင်းအောင်လှိုင်တို့ သားအဖသည် မြေကွက်များ ဖော်ဆောင်ရောင်းစားနိုင်ရေးအတွက် စီမံကိန်းဧရိယာအတွင်းရှိ အပြစ်မဲ့ အခြေခံပြည်သူများကို ကျူးကျော်ဟု အကြောင်းပြကာ အတင်းအဓမ္မ ဖယ်ရှားမောင်းထုတ်ရန် အယုတ်မာဆုံးနည်းလမ်းဖြင့် ကြံစည်လုပ်ဆောင်လာခြင်း ဖြစ်သည်။
