တရားမဝင် စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် လူပျောက်ဆုံးမှု သိသိသာသာ မြင့်တက်လာ

ဓာတ်ပုံ- ပြည်သူ့စစ်မှုထမ်းများစုစည်းရာ တယ်လီဂရမ်
ပုံစာ- စစ်မှုထမ်းသင်တန်းသားများကို အသုံးအဆောင်များ ပေးနေစဉ်။

တရားမဝင် စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးပြီးနောက်ပိုင်းတွင် လူပျောက်ဆုံးမှု သိသိသာသာ မြင့်တက်လာကြောင်း Myanmar Witness ကထုတ်ပြန်သည်။

Myanmar Witness က ထုတ်ပြန်လိုက်သော “မြန်မာနိုင်ငံရှိ စစ်မှုထမ်းရန် ဖိအားပေးစုဆောင်းမှု အခြေအနေများ – ဒေတာစိစစ်သုံးသပ်ချက်”တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း Myanmar Witness က Facebook ပေါ်ရှိ လူပျောက်ကြော်ငြာ ပေါင်း ၄၇၇ ခုကို ဆန်းစစ်ခဲ့ရာ တရားမဝင်စစ်မှုထမ်းဥပဒေ မပြဌာန်းမီ ၂၀၂၁ခုနှစ်၊ဇန်နဝါရီတွင် လူပျောက်ဆုံးမှု ၄မှုသာ ရှိခဲ့ပြီး ၂၀၂၅ခုနှစ်၊ဇန်နဝါရီ၌ ၈၂မှုရှိသည်ဟု ဆိုသည်။

ရရှိထားသော ဒေတာများအရ လူဦးရေစာရင်းနှင့် နယ်မြေဒေသအလိုက် အတိအကျပစ်မှတ်ထား လုပ်ဆောင်နေခြင်းကို ထင်ဟပ်နေကြောင်း လူပျောက်တိုင်ကြားချက်များတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့်အရွယ် အမျိုးသားများနှင့် ယောက်ျားလေးအများစု ပါဝင်နေပြီး စစ်တပ်က ထိန်း ချုပ်ထားသော မြို့ပြနှင့် ဒေသတွင်းအဓိကနေရာများ၌ အများဆုံးဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းတွင် ၁၆၃ မှု၊ မန္တလေး ၄၈ မှု နှင့် ရှမ်းပြည်နယ် ၃၅ မှု တွေ့ရကြောင်း Myanmar Witness အစီရင်ခံစာက ဖော်ပြသည်။

“ရန်ကုန်မှာ လူပျောက်တယ်ဆိုတာက ဘာမှမဆန်းတော့သလို ဖြစ်နေပြီ။လက်ဆုပ်လက်ကိုင် ပြ စရာမရှိပေမဲ့ အတွေ့အကြုံအရ ပြောရရင် နေ့စဉ်ပျောက်နေတယ်လို့ ပြောရဲတယ်။ လူငယ်တင် မကဘူး။၄၀ကျော်၊၅၀တွေပါ ပျောက်နေတယ်။ဖမ်းပြီးတော့ စစ်မှုထမ်းထဲထည့်မရရင်တောင် မိ သားစုဆီ ဆက်သွယ်ပြီး ငွေညှစ်နေကြတယ်”ဟု ရန်ကုန်အခြေစိုက် ရဲသတင်းရင်းမြစ်က MPA သို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် အာဏာသိမ်းစစ်အုပ်စုက တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပြီး စစ်မှုထမ်းစုဆောင်းရာ၌ တရားဝင်ဆင့်ခေါ်ခြင်းထက် ကြိုတင်အကြောင်း ကြားခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပျောက်ဆုံးသွားခြင်း နည်းလမ်းများဖြင့် ပိုမိုလုပ်ဆောင် နေကြောင်း တွေ့ရှိရသည်ဟု Myanmar Witness က ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် စစ်မှုထမ်းအတွက် လူဖမ်းနေသူများကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရဲမှု မရှိသ လောက်ရှားခြင်းနှင့် စစ်မှုထမ်းအတွက် တစ်ဦးဖမ်းမိလျှင် အနည်းဆုံး ကျပ်သိန်း၂၀ ရရှိနေခြင်း တို့ကြောင့် လူဖမ်းဆီးမှုများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း ရဲသတင်းရင်းမြစ်က သုံးသပ်သည်။