By MPA
အာဏာသိမ်းစစ်တပ်နှင့် ဌာနဆိုင်ရာ အရာရှိကြီးများ၏ မတရားပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးပေးရန် လွှတ်တော်အမတ်တစ်ဦးက တောင်းဆိုမေးမြန်းခဲ့သည့် မေးခွန်းအား လွှတ်တော်အတွင်း၌ အာဏာပိုင်များဘက်က လက်မခံဘဲ ချက်ချင်းပယ်ချလိုက်ကြောင်း သိရသည်။
အဆိုပါမေးခွန်းကို စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) မှ အမတ်တုဖြစ်သူ ကိုပြည့်ဖြိုးစံက တရားမဝင် လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
၎င်း၏ တောင်းဆိုချက်တွင် အာဏာရှိအရာရှိကြီးများ၏ ပိုင်ဆိုင်မှုများကို မှတ်ပုံတင်ခိုင်းရန်၊ တဆင့်ခံကုမ္ပဏီများ ထူထောင်၍ စီးပွားရေးလုပ်စားနေမှုများနှင့် ဆွေမျိုးကောင်းစားရေးဝါဒ (Nepotism) အသုံးချကာ လုပ်ပိုင်ခွင့်များ လက်သိပ်ထိုးပေးနေမှုများကို စိစစ်အရေးယူပေးရန် ပါဝင်သည်။
ထို့ပြင် အဂတိလိုက်စားမှုကို သတင်းပေးမည့်သူများ၏ အချက်အလက် လုံခြုံရေးနှင့် ဘေးကင်းလုံခြုံမှုကို ဥပဒေကြောင်းအရ အကာအကွယ်ပေးရန်လည်း ထည့်သွင်းတောင်းဆိုခဲ့သည်။
သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အမတ်တု၏ ယင်းမေးမြန်းချက်ကို လွှတ်တော်က ပယ်ချခဲ့သည့်အတွက် လူမှုကွန်ရက်သုံး ပြည်သူများအကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုများ မြင့်တက်လာနေသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက တိုင်းပြည်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးဟု ကြွေးကြော်နေသော်လည်း တကယ်တမ်း စစ်အုပ်စုနှင့် အရာရှိကြီးများ၏ မတရားစီးပွားရှာမှု၊ ဆွေမျိုးကောင်းစားရေး ဝါဒများကို ထိခိုက်လာသည့်အခါတွင်မူ ဥပဒေမှာ ၎င်းတို့ကို ကာကွယ်ပေးရန်အတွက်သာ အသုံးတော်ခံ ဖြစ်သွားရကြောင်း ထောက်ပြကြသည်။
လွှတ်တော်အမတ်၏ စုံစမ်းစစ်ဆေးရေး တောင်းဆိုချက်ကို မျက်နှာပြောင်တိုက် ပယ်ချခဲ့ခြင်းမှာ တိုင်းပြည်၏ ဘဏ္ဍာများကို မည်သူမဆို လက်ဝါးကြီးအုပ် ခြစားနေသည်ကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်ပြီး၊ ယင်းကဲ့သို့သော စနစ်ဆိုးများကြောင့် တိုင်းပြည်မှာ နာလန်မထူနိုင်ဘဲ ဖြစ်နေရကြောင်း သုံးသပ်ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
