နိုင်ငံတကာစောင့်ကြည့်အဖွဲ့များက စစ်ကော်မရှင်ရွေးကောက်ပွဲကို ပြတ်သားစွာ ပယ်ချ၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ လက်ခံပေးရန် တောင်းဆို

ဓာတ်ပုံ - MOI

နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့၃ဖွဲ့က စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲကို တရားဥပဒေနှင့်မညီသည့် အမည်ခံရွေးကောက်ပွဲအဖြစ် ပြတ်ပြတ်သားသား ငြင်း ပယ်ထားကြောင်း အရပ်ဘက်အဖွဲ့ Defend Myanmar Democracy က ဆိုသည်။

ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်း International IDEA၊ လွတ်လပ်သော ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက် (ANFREL)နှင့် ကလပ်ဒီမတ်ဒရစ်အသင်း (Club de Madrid) တို့က စစ်ကော်မရှင်ပြုလုပ်မည့်ရွေးကောက်ပွဲကို ငြင်းပယ်ခဲ့ရုံတင်မက နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် စစ်ကော်မရှင်ရွေးကောက်ပွဲကို လုံးဝ အကူအညီမပေးရန်၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ပေးရန်၊၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုသာ လက်ခံပေးရန်နှင့် မြန်မာနိုင်ငံက ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း တောင်း ဆိုထားကြောင်း သိရသည်။

“အဲဒီအဖွဲ့တွေက နိုင်ငံတကာအဆင့် ဩဇာကြီးတဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ဖြစ်တာကြောင့် သူတို့ရဲ့ကန့်ကွက်မှုက နိုင်ငံတကာအသိုင်းအဝန်းအပေါ် သက်ရောက်မှုရှိတယ်။အဓိ ကက စစ်ကော်မရှင် ရွေးကောက်ပွဲတင်မကဘူး၊စစ်အာဏာသိမ်းမှုကိုပါ ဆန့်ကျင်တဲ့ အာဆီယံမူ၅ရပ် ကို ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားတဲ့ အာဆီယံအနေနဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲကို ဘယ်လို သဘော ထားပေးမလဲ ဆိုတာပဲ။ဘာကြောင့်လဲဆိုတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ဆောင် ရွက် ချက် တွေနောက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက ရပ်ခံပေးထားလို့ပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးက MPAသို့ပြောသည်။

စစ်အုပ်စုသည် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရနှင့် လွှတ်တော်ကို မတရားအာဏာသိမ်းယူခဲ့ခြင်း၊ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုအမြောက်အမြား ပြုလုပ်ခြင်း၊ အတိုက်အခံ နိုင်ငံရေးပါတီများအပေါ် ပြင်းထန် ဖိနှိပ်သည့် ဥပဒေများ ပြဌာန်းခြင်း၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချခြင်း၊ သတင်းမီဒီယာများ အပေါ် ပြင်းပြင်းထန်ထန် ကန့်သတ်တားမြစ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်ခြင်း၊ မဲစာရင်းအတွက် သန်းခေါင်စာရင်းအချက်အလက်များသည် ယုံကြည်ဖွယ်မရှိခြင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ စံချိန် စံနှုန်းများကို ချိုးဖောက်နေခြင်းတို့ကြောင့် စစ်ကော်မရှင် ရွေး ကောက်ပွဲကို ယင်းအဖွဲ့၃ဖွဲ့က ငြင်းပယ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့၃ဖွဲ့သည်ရွေးကောက်ပွဲ လုပ်ငန်းစဉ်၊ ဥပဒေနှင့် ဆက်စပ်သည့် သတင်းအချက်အလက်၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို ဆန်းစစ်လေ့လာသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖြစ်သည်။