မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည် မရှိမဖြစ် လိုအပ်ဟု NLD ဆို

စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ပါဝင်ဆောင်ရွက်မှု မရှိမဖြစ် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန်လိုက်သည်။

NLD ဗဟိုအလုပ်ကော်မတီက ယနေ့(ဇူလိုင်၂၀ရက်)ထုတ်ပြန်လိုက်သော ကြေညာချက်တွင် အထက် ပါအတိုင်း ဖော်ပြထားသလို မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်း စွာ ဖြေရှင်းနိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ၏ အပြုသဘော ဆောင် ကြိုးပမ်းမှုများကို ကြိုဆိုပြီး အထူးသဖြင့် အာဆီယံ၏ဘုံသဘောတူညီချက် ၅ရပ်သည် မြန် မာ့အရေး ဖြေရှင်းရာ၌ အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိကြောင်း ထပ်မံအတည်ပြုခဲ့ခြင်း အပေါ် ကြိုဆိုသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ၏လက်ရှိအကျပ်အတည်းကို ဖြေရှင်းရာတွင် အရပ်သားများအပေါ် အကြမ်းဖက်မှု များ ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက် ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများကို အမှန်တကယ်လိုအပ်သည့်နေရာများသို့ အတားအဆီး အကန့်အသတ်မရှိ ရောက်ရှိစေရေးနှင့် အားလုံးပါဝင်သောတွေ့ဆုံ ဆွေးနွေးရေး တို့သည် မရှိမဖြစ် လိုအပ်ကြောင်း၂၀၂၀ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ဆင့်လွှဲအာဏာကို သောင်ပြိုကမ်းပြို ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ခေါင်းဆောင်ဖြစ်သည့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကိုယ်စားပြုမှုရှိသော နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၏ အပြည့်အဝ ပါဝင်မှု မရှိသည့် မည်သည့်နိုင်ငံရေးဖြစ်စဉ်မျိုးမဆို ပြည်သူလူထု၏ ယုံကြည် လက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြည့်ဝစွာ ရရှိရန် ခက်ခဲမည်ဟု အလေး အနက် ယုံကြည်ကြောင်းလည်း ထုတ်ပြန်သည်။

အာဆီယံအနေဖြင့် မြန်မာ့အရေးအတွက် ကြိုးပမ်းရာ၌ ထိတွေ့ဆက်ဆံရေးမူဝါဒသည် လက်တွေ့ ဆန်သည့် နိုင်ငံရေးဖြေရှင်းမှုကို ဦးတည်စေနိုင်သော်လည်း အတုအယောင်ရွေးကောက်ပွဲမှ ပေါ် ပေါက်လာသည့် အုပ်ချုပ်ရေးအား အသိအမှတ်အမှတ်ပြုသည့်အဆင့်သို့ မရောက်ရှိသွားစေရန် အရေးကြီးပြီး အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ခြင်း ဖြင့် မြန်မာ့ပဋိပက္ခအား ဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကြောင်း နိုင်ငံရေး အကျဉ်းသားများကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် မြန်မာ့အကျပ်အတည်း ဖြေရှင်းရာ၌ အဓိက အတားအဆီးတစ်ရပ်အဖြစ် တည်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်း ဆောင်များနှင့် နိုင်ငံရေးအင်အားစုများ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခ ချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်ပေးနိုင်မည်ဟု ရှုမြင်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းရ မည်ဟု ယုံကြည်ထားပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာရေးမူကိုသာ အစဉ်အမြဲ ကိုင်စွဲထားကြောင်းလည်း ထုတ်ပြန်သည်။

မြန်မာ့နိုင်ငံရေးပြဿနာ၏ မူလအကြောင်းရင်းမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ပြည်သူ့ဆန္ဒအား ဆန့်ကျင်ကာ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့ခြင်းကြောင့် ဖြစ်ကြောင်း NLD က ထုတ်ပြန်သည်။