ပခုက္ကူတွင် မီးပျက်ရခြင်းကို PDF များအပေါ် ပုံချပြီး အမြစ်ပြတ်ရှင်းပေးရန် စစ်လော်ဘီများ တိုက်တွန်းနေ

ဓာတ်ပုံ - စစ်လော်ဘီတယ်လီဂရမ်ချန်နယ်

By MPA

မီးမရသည့်အချိန်များနေသော အညာဒေသ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိမြို့နယ်များတွင် မီးပျက်ရခြင်းကို PDF များအပေါ် ပုံချပြီး အမြစ်ပြတ်ရှင်းပေးရန် စစ်လော်ဘီများက တိုက်တွန်းနေကြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မှန်မှန်မပေးနိုင်ဘဲ စွမ်းအင်ကဏ္ဍတစ်ခုလုံးကို ပျက်စီးစေခဲ့သည့် စစ်အုပ်စုသည် အညာဒေသအတွင်း မီးပြတ်တောက်မှုများကို တော်လှန်ရေးတပ်ဖွဲ့များအပေါ် ပုံချရင်း ပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ရန်တိုက်ပေးရန် စစ်လော်ဘီများမှတစ်ဆင့် အဓိပ္ပာယ်မရှိသည့် ဝါဒဖြန့် လှုံ့ဆော်မှုများကို လုပ်ဆောင်လာကြခြင်းဖြစ်သည်။

ဇူလိုင် ၁၉ ရက် ညပိုင်းက ပခုက္ကူ-ညောင်ပင်ကြီး မဟာဓာတ်အားလိုင်း တာဝါတိုင် ထိခိုက်မှုကြောင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မဒေသများတွင် လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးပြီးချင်းတွင် စစ်အုပ်စု၏ တယ်လီဂရမ် လော်ဘီချန်နယ်များက တိကျသည့် အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ဘဲ ရေစကြို PDF အဖွဲ့၏ မိုင်းခွဲမှုကြောင့်ဖြစ်သည်ဟု ချက်ချင်းစွပ်စွဲပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များကို အမြစ်ပြတ်ရှင်းလင်းရန် အမုန်းစကားများ စတင်ဖြန့်ဝေလာခဲ့ခြင်း ဖြစ်သည်။

ဒေသခံ ပြည်သူများ ကြုံတွေ့နေရသည့် မီးပြတ်တောက်မှု ဒုက္ခကို အခွင့်ကောင်းယူ၍ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များက တော်လှန်ရေးတပ်ဖွဲ့များအပေါ် အမုန်းတံဆိပ်ကပ်ပေးနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

သို့သော် စစ်တပ်ထောက်ခံများကမူ “ပြည်သူ့လည်ပင်းကို ဓားနဲ့လှီးနေကြတာ၊ ဗကပ အကျင့်စရိုက်အတိုင်း လုပ်နေတာ” ဟု ပြင်းထန်စွာ ရေးသားစွပ်စွဲထားကြသည်။

ထို့ပြင် ဒေသတွင်း မီးပြတ်တောက်မှုနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် စစ်အုပ်စုနှင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့များကို နှိမ်နင်းရန် လှုံ့ဆော်နေကြသေးသည်။

“စက်ရုံ၊ ဆေးရုံနဲ့ ပြည်သူ့လူမှုစီးပွား ကျပ်တည်းရတာဟာ PDF တွေကြောင့်မို့လို့ သူတို့ကို အမြစ်ဖြတ်ဖို့ ပြည်သူလူထုကပါ စစ်အုပ်စုနဲ့ ပူးပေါင်းရမယ်” ဟု စစ်လော်ဘီများက တိုက်တွန်းရေးသားလျက်ရှိသည်။

အာဏာသိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားပြီး သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ထုတ်လုပ်မှု စနစ်တစ်ခုလုံးကို အဘက်ဘက်မှ ပျက်စီးအောင် ပြုလုပ်ခဲ့သူမှာ စစ်အုပ်စုကိုယ်တိုင်ပင် ဖြစ်သည်။

မြို့ကြီးများတွင်ပင် တစ်ရက်လျှင် လျှပ်စစ်မီး အနည်းငယ်သာ ပေးနိုင်တော့သည့် စစ်အုပ်စုသည် တိုင်းပြည်အနှံ့ လျှပ်စစ်မီး မပေးနိုင်မှု၊ လောင်စာဆီဈေးနှုန်း ခေါင်ခိုက်မှုနှင့် စီးပွားရေး ပျက်စီးမှုများအတွက် တာဝန်ယူမှု မရှိဘဲ ယခုကဲ့သို့ တာဝါတိုင် ထိခိုက်မှု ဖြစ်စဉ်များကို အကြောင်းပြကာ တော်လှန်ရေးတပ်ဖွဲ့များအပေါ် ပုံချရေးသားနေခြင်း ဖြစ်သည်။

အမှန်တကယ်အားဖြင့် စစ်အုပ်စုနှင့် ၎င်းတို့၏ လော်ဘီများသည် စစ်ရေးနှင့် အုပ်ချုပ်ရေး အဘက်ဘက်မှ ကျရှုံးနေမှုကို ဖုံးကွယ်ရန် အသည်းအသန် ရုန်းကန်နေရပြီး၊ ပြည်သူ့လုံခြုံရေးဆိုသည့် ခေါင်းစဉ်အောက်မှ ပြည်သူကို ပိုမိုဖိနှိပ်ရန် လမ်းခင်းနေခြင်းသာ ဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။