ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Bontech Manufacturing အထည်ချုပ်စက်ရုံတွင် မတရား အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမားခေါင်းဆောင် ၂ ဦးကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခွင့် ပြုခဲ့သော်လည်း စက်ရုံမှ တရုတ်နိုင်ငံသား ကျွမ်းကျင်လုပ်သား (Technician) ၏ ရည်ရွယ်ချက်ရှိရှိ ရန်ရှာဖိနှိပ်မှုများကြောင့် အလုပ်သမားတစ်ဦးမှာ ချက်ချင်း လျော်ကြေးယူ၍ ပြန်ထွက်ခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းက အဆိုပါ စက်ရုံ၌ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရန်နှင့် အခွင့်အရေးများ တောင်းဆိုခဲ့သည့် အခြေခံအလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို စက်ရုံစီမံခန့်ခွဲမှုပိုင်းက အကြောင်းပြချက် အမျိုးမျိုးရှာကာ ဆက်တိုက်ဆိုသကဲ့သို့ မတရား အလုပ်ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန(အလည)နှင့် အကြိမ်ကြိမ် ညှိနှိုင်းခဲ့အပြီးတွင် မတရားအလုပ်ထုတ်ခံရသူများအနက် ၂ ဦးကို ဇူလိုင် ၂၃ ရက်တွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခွင့်ပြုရန်နှင့် တစ်ဦးကို လျော်ကြေးဖြင့် ထုတ်ရန် ဇူလိုင် ၂၂ ရက်၌ သဘောတူညီမှု ရရှိခဲ့သည်။
သို့သော် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်သည့်နေ့တွင်ပင် တရုတ်နိုင်ငံသား ကျွမ်းကျင်လုပ်သားက ပြဿနာလိုက်ရှာ ဖိနှိပ်ခဲ့သဖြင့် အလုပ်သမားဖြစ်သူ ကိုအောင်မျိုးမင်းမှာ ညနေပိုင်း၌ နစ်နာကြေးယူ၍ ပြန်ထွက်သွားခဲ့ရကြောင်း သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂ-မြန်မာ (STU-M) ထံမှ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ STU-M တာဝန်ရှိသူတစ်ဦးက ယခုလို ပြောဆိုသည်။
“အလုပ်ပြန်ဝင်တဲ့အထဲက ကိုအောင်မျိုးမင်းကို တရုတ် Technician က လက်မခံဘဲ တစ်နေကုန် ပြဿနာလိုက်ရှာတယ်။ ကိုအောင်မျိုးမင်းက သူ့ကို အထက်ကို တိုင်ထားတာဆိုတော့ စက်ရုံထဲမှာ ဆက်လုပ်ရင် Warning လက်မှတ်ထိုးရအောင်၊ နောက်တစ်ကြိမ်ကျ အပြစ်ပေးလို့ရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာ။ အဲဒါကြောင့် ကိုအောင်မျိုးမင်းက ညနေမှာ လျော်ကြေးယူပြီး ပြန်ထွက်သွားရတာပါ” ဟု ၎င်းက ဆိုသည်။
စက်ရုံအတွင်း တရုတ်လူမျိုး ပညာရှင်၏ တိုက်ရိုက် စီမံခန့်ခွဲမှုနှင့် ဖိနှိပ်မှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တိုင်ကြားထားသော်လည်း ထိရောက်စွာ အရေးယူဆောင်ရွက်ပေးခြင်း မရှိဘဲ နှုတ်သတိပေးရုံမျှသာ ပြုလုပ်ခဲ့သဖြင့် အလုပ်သမားများ လုပ်ငန်းခွင်အတွင်း ဆက်လက် ဖိနှိပ်ခံနေရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“စာချုပ်တွေချုပ်ပြီး လုပ်ငန်းခွင်ထဲ ဝင်သွားပေမဲ့ စက်ရုံထဲမှာ ဖိနှိပ်မှုတွေက ရှိနေတုန်းပဲ။ အလုပ်သမားတွေ တိုင်ထားတဲ့ Technician ကို ဝန်ကြီးဌာနဘက်က သေချာ Warning မလုပ်ဘဲ နှုတ် Warning လောက်ပဲ လုပ်ထားတော့ စက်ရုံထဲမှာ အလုပ်သမားတွေကို ဆက်ပြီး ပြဿနာရှာ ဖိနှိပ်နေတာ ဖြစ်ပါတယ်” ဟု STU-M တာဝန်ရှိသူက ဝေဖန်ထောက်ပြသည်။
လက်ရှိတွင် Bontech စက်ရုံ သမဂ္ဂ၏ အတွင်းရေးမှူးဖြစ်သူ ဦးဝေဖြိုးဦး အပါအဝင် ကျန်ရှိနေသည့် အလုပ်သမားများ၏ အခြေအနေနှင့် စက်ရုံမှ ချုပ်လုပ်ပေးနေသည့် နိုင်ငံတကာ အဝတ်အထည် အမှတ်တံဆိပ် (Brand) တာဝန်ရှိသူများ၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို ဆက်လက် စောင့်ကြည့်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ စက်ရုံ/အလုပ်ရုံများတွင် နိုင်ငံခြားသားလုပ်သားများ၏ ဖိနှိပ်မှုများကို ပြည်တွင်းလုပ်သားများ နေ့စဉ်ဆိုသလို ခံစားနေရပြီး ၎င်းတို့ကြောင့် အလုပ်ထုတ်ခံရသူနှင့် ထွက်သွားရသူ အများအပြားရှိကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
