ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင် အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တို့အကြား ဇူလိုင်လ ၂၃ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ယနေ့ ဇူလိုင် ၂၆ ရက် ညဦးပိုင်းတွင် SCEF က ထုတ်ပြန်သည်။
အာရက္ခပြည်တွင် ကြုံတွေ့နေရသည့် ရေဘေးသင့် ပြည်သူများအတွက် လူသားချင်း စာနာမှု ကူညီရေး၊ ပြန်လည် ထူထောင်ရေးနှင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းများကို အဓိကထား တိုင်ပင်ခဲ့ကြသည်ဟု ဆိုသည်။
ထို့ပြင် SCEF ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ မူဝါဒများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသိပေးခဲ့ကြသည်ဟု သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် SCEF အလှည့်ကျ သဘာပတိ ခူဦးရယ်လ်နှင့် ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ် စကားပြောကြားကာ ၁ နာရီကျော်ကြာ ဆွေးနွေးခဲ့သည်ဟု သိရသည်။
SCEF အနေဖြင့် AA တစ်ဖွဲ့တည်းနှင့် တွေ့ဆုံခြင်း မဟုတ်ဘဲ နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်းများကို ဆက်တိုက် ထိတွေ့နေခြင်းဖြစ်သည်။
ဇူလိုင်လ ၂၀ ရက်မှစ၍ SCEF သည် ကိုဆောင်းခ ဦးဆောင်သည့် နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု (SRA)၊ နိုင်ဇေယျ ဦးဆောင်သည့် မွန်ပြည်သစ်ပါတီ (NMSP-AD) အပါအဝင် မွန်အင်အားစုများ၊ ခွန်မြင့်ထွန်းနှင့် ဗိုလ်ချုပ် ခွန်သူရိန် တို့ ဦးဆောင်သည့် ပအိုဝ်း အမျိုးသား အဖွဲ့အစည်းများ (PNLO/PNLA, PNFC) တို့နှင့်ပါ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရက်ပိုင်းအတွင်း ဆက်တိုက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲများတွင် ယာယီသမ္မတ ဒူဝါလရှီးလ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင် ခေါင်းဆောင်အသီးသီး ပါဝင်ခဲ့ကြပြီး ရှေ့ဆက်သွားမည့် ဖက်ဒရယ် နိုင်ငံရေး လမ်းကြောင်းများကို ပုံဖော်ခဲ့ကြသည်။
