မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲ စစ်သားအိုများ ဝင်ရောက်တပ်စွဲ

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - မိုးညှင်းသမ္ဗုဒ္ဓေဘုရား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးရှိ စစ်ရှောင်ပြည်သူများနေထိုင်သည့် မိုးညှင်းသမ္ဗု‌ဒ္ဓေဘုရားဝင်းထဲတွင် သက်ကြီးစစ်သားများ ဝင်ရောက် တပ်စွဲကာ ဖိနှိပ်နေကြောင်း သိရသည်။

စက်တင်ဘာ ၂၁ရက်မှ စတင်ကာ မုံရွာမြို့နယ်၊ မြေနဲရွာအနီးရှိ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းအတွင်းသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ( မုံရွာ နမခ ) မှ သက်ကြီးစစ်သားအင်အား ၁၅၀ခန့် ဝင်ရောက် တပ်စွဲကာ ယင်းဘုရားဝင်ပေါက်ရှိ မျှော်စင်နှင့် ကျားတိုင်‌ကျောင်းထဲ၌ စခန်းချထားကြောင်း သိရသည်။

” ၂၀၂၂ လောက်ကတည်းက ဘုရားဝင်းထဲမှာ စစ်ရှောင်တွေနေနေကြတာပါ။ အခြားရွာတွေကလည်း ညဘက် လက်နက်ကြီးပစ်တာ ကြောက်တော့ အဲဒီထဲ လာအိပ်ကြတယ်။ ညနေ ၅နာရီ ခွဲ ဆိုရင် ဘုန်းကြီးက တံခါးပိတ်တယ်။ ဒါကို အရက်မူးနေတဲ့စစ်သားတွေက စစ်ရှောင်ပြည်သူတွေကို မောင်းချတာတို့၊ ညနေ တံခါးပိတ်ချိန်မှာ လာ‌‌အိပ်တဲ့ ပြည်သူတွေကို အိမ်ထောင်စုစာရင်းစစ်တာတို့၊ ပါလာတဲ့အိတ်တွေကို ဖွင့်စစ်ဆေးတာတွေလုပ်တယ်။ တချို့ အလုပ်ကပြန်လာတဲ့ ပြည်သူတွေကို ပေးမဝင်ဘူး။ အကြောင်းရင်းလည်း မသိရဘူး။ ပြီးတော့ အဝင်အထွက်တွေကို သီလရှင်ရော ဘုန်းကြီးပါမကျန် စစ်ဆေးတာတွေလုပ်တယ် ” ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိ သူတစ်ဦး MPA ကို ပြောသည်။

ယင်းဘုရားအပေါက်ဝရှိ ဆင်ရုပ်ကြီးနှစ်ခုကြားတွင်လည်း စစ်သားများက သဲအိတ်များဖြင့် ဘန်ကာများ တည်ဆောက်ထားသည့်အတွက် စစ်ရှောင်ပြည်သူများ ကြောက်လန့်နေကြကြောင်း သိရသည်။

” အထဲမှာတော့ သက်ကြီးရွယ်အိုပဲကျန်တယ်။ လူငယ်တွေက မနေကြတော့ဘူးလေ၊ မနေရဲတော့ဘူးပေါ့။ ( တော်လှန်ရေး ) အဖွဲ့တွေ နေတာတို့၊ သွားလာကြတာလည်း မရှိပါဘူး။ ရွေးကောက်ပွဲအတွက် အိမ်ထောင်စု စာရင်းကောက်ဖို့ဖြစ်နိုင်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းတွင် မုံရွာမြို့နယ်အတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိုးအိမ်မဲ့သွားသည့် သက္ကယ်ကျင်းရွာ ၊ နဂါးတွင်းရွာ ၊ ကြာပိုင်ရွာနှင့် ညောင်ဖြူပင်ရွာ ရှိ ပြည်သူများ လာရောက်ခိုလှုံသည့် နေရာဖြစ်ပြီး စစ်တပ်က စစ်ကြောင်းထိုးခြင်း သို့မဟုတ် တိုက်ပွဲများဖြစ် ပွားလျှင်လည်း နီးစပ်ရာကျေးရွာများမှ ပြည်သူများ စစ်ရှောင်လာကြသည့်နေရာလည်း ဖြစ်သည်။